တိုင်းပြည်တိုးတက်ဖို့ လူထုစွမ်းရည် မြှင့်တင်ဖို့လို


နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်သူပြည်သားများရဲ့ အရည်အချင်းကို မြှင့်တင်ခြင်း က အဓိကအကျဆုံးအချက် ဖြစ်သလို စီးပွားရေး လုပ်ငန်းတွေ လုံခြုံစွာ ရင်းနှီးမြုပ်နှံနိုင်ဖို့က တရားဥပဒေစိုးမိုး မှုဖို့ကလည်း အထူးအရေးကြီးတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် ပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စီးပွားရေး လုပ်ငန်းရှင်များ ဖြွံ့ဖိုးမှု မိတ်ဖက်များ တွေ့ဆုံပွဲအခမ်း အနားမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အရပ်သားအစိုးရလက်ထက် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပထမဆုံး တွေ့ဆုံတဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ သတင်းအပြည့်အစုံ မဆုမွန် ဆက်ပြောပြပါမယ်။

NLD ဦးဆောင်တဲ့ အရပ်သားအစိုးရ လက်ထက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင်းက စီးပွားရေး လုပ်ငန်းရှင် ကြီးတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပြီး နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒတွေနဲ့ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ရှင်းလင်းဆွေးနွေး ခဲ့တာဖြစ်ပါတယ်။ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံးနဲ့ အရေးကြီးဆုံး ကတော့ မြန်မာ ပြည်သူ ပြည်သားတွေရဲ့အရည်အချင်းကို မြင့်တင်ရေးပဲဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

“ ကျမတို့ရဲ့နိုင်ငံအတွက် တကယ့်အရေးကြီးကိစ္စက ဘာလဲ၊ ကျမတို့ရဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားရမယ့် အချက် တချက်ထဲ ပြောပါဆိုရင် ဘယ်အချက်ကို ပြောမလဲဆိုတာ ကျမသေသေချာချာ စဉ်းစားကြည့်တဲ့ အခါကျတော့ ကျမခေါင်းထဲမှာပေါ် လာတာက၊ တကယ် ကျမတို့ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးအကြီးဆုံး အချက်ကတော့ ကျမတို့ ပြည်သူပြည်သား များရဲ့ အရည် အချင်း တန်းဖိုးကို မြှင့်တင်ရေးပဲ။ အဲဒါကို အခြေခံပြီးမှသာ ကျမတို့ဟာရေရှည် တည်တန့် ခိုင်မြဲနိုင်မယ့် ဖွံ့ဖြိုးတဲ့ စီးပွားရေးစနစ် တခုကို ထူထောင်နိုင်မှာပါ ”

ဒါ့အပြင် နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိမှ နိုင်ငံမှာလာရောက် ရင်းနှီးမြုပ်နှံမှုတွေကို အခက်အခဲမရှိ ဖိတ်ခေါ်နိုင်မှာဖြစ်သလို နိုင်ငံတွင်းက စီးပွားရေးလုပ် ငန်းတွေ ဘေး ကင်းလုံခြုံစွာ လည်ပတ်နိုင်ဖို့ကလည်း တရားဥပဒေစိုးမိုးမှု ရှိဖို့လိုအပ်တယ် ဆိုတာ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

“ ကျမတို့ အစိုးရသစ်ရဲ့ အခြေခံမူဝါဒတွေထဲမှာ တရားဥပဒေစိုးမိုးရေး ဆိုတာကို ကျမတို့က ထိပ်တန်းမှာ ထားပါတယ်။ စည်းဝေးကို တက်ရောက်လာတဲ့ လုပ်ငန်း ရှင်ကြီးများ အားလုံးကိုလဲ နားလည်စေချင်ပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတာ လုပ်ငန်းရှင်များ အတွက်လဲ အထောက်အကူ အများကြီးဖြစ်နိုင်ပါတယ်။ လုပ်ငန်း ရှင်များ အနေနဲ့ လုံလုံခြုံခြုံ ယုံယုံကြည်ကြည်နဲ့ ကိုယ့်ရဲ့ စီးပွားရေး အောင်မြင်ဖို့ အတွက်၊ ကိုယ့်စီးပွားရေးကနေ တဆင့် ကိုယ့်နိုင်ငံ တိုးတက်ဖို့အတွက် လုပ်ပေးနိုင် တဲ့ အခွင့်အရေးတွေကို ပေးမယ့် မူဘောင်တခု ချခြင်းဆိုတာဟာ တရားဥပဒေ စိုးမိုးရေးပဲ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး ရှိတဲ့နိုင်ငံမှာ ဆိုလို့ရှိရင် ရင်းနှီးမြှုပ်နှံ မှုတွေ ဖိတ်ခေါ်ဖို့ဟာ အခက်အခဲ ရှိမှာ မဟုတ် ပါဘူး”

အရပ်သားအစိုးရလက်ထက် နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးကို လွှဲပြောင်း ရယူပြီးခ်ျိန် ကစလို့ သက်တမ်းခြောက်လကာလအတွင်း နိုင်ငံတော်ရဲ့စီးပွားရေးမူဝါဒသစ်တွေ ချမှတ်ပြီး အကောင်အထည်ဖော်ခဲ့ပေမဲ့လို့ အောင်မြင်မှု ထိုက်သင့်သလောက် မရ ခဲ့သေးဘူး ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြုပြော သွား ပါတယ်။

“ ကျမတို့ရဲ့ နိုင်ငံဟာ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ် မှုတွေကို ကျမတို့ တဆင့်ချင်း တဆင့်ချင်း ကျော်လွှား လာနိုင်ပြီလို့ ကျမမြင်ပါတယ်။ ကျမတို့ မျှော်မှန်းသလောက် ပထမ ၆လဟာ စီးပွားရေးဘက်မှာ မြန်မြန်ဆန်ဆန် တိုးတက်မှု မရှိခဲ့ဘူး ဆိုတာ ကိုတော့ ဒါကျမ ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံချင်ပါတယ်။ ကျမတို့နိုင်ငံရဲ့ကျော် လွှားရမယ့် အခက်အခဲတွေကို အားလုံးဝိုင်းပြီးတော့ ကူညီ ပြီးတော့ ကျော်လွှားပေးစေချင်တဲ့ စိတ်စေတနာ ထားစေချင်ပါတယ်။ ဒီအစိုးရသစ် တက်ကတည်းက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံပါမယ်၊ စီးပွားရေး လုပ်ငန်း ရှင်ကြီးတွေ အားလုံးဟာ ကျမတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုထဲမှာ ပါဝင်ပိုင်ခွင့် အပြည့်အဝ ရပါလိမ့်မယ်၊ အဲဒီ ပါဝင်ပိုင်ခွင့်ကို မှန်မှန်ကန်ကန်နဲ့ သုံးပြီးတော့ ကျမတို့ ပြည်သူပြည်သားတွေရဲ့ တိုးတက်ရေးအတွက် ဝိုင်းဝန်းပြီးတော့ ကူညီကြ ပါဆိုတဲ့ ကျမတို့ရဲ့ ဆန္ဒကို ထုတ်ဖေါ်ပြောချင်လို့ စီစဉ်လိုက်ရတဲ့ ဆွေးနွေးပွဲ ဖြစ် ပါတယ် ”

ဒါကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍအသီးသီးက ပြုပြင်ပြောင်းလဲ မှုတွေကို လုပ်ဆောင်ရာမှာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဘက်က ရိုးရှင်းမှု အဂတိ လိုက်စားမှု ကင်းရှင်းပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြော ဆိုခဲ့တယ်လို့ နေပြည်တော်ကတွေ့ဆုံပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ UMFCCI (Union of Myanmar Federation of Chambers of Commerce and Industry) မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအေးလွင်က အခုလိုပြောပါတယ်။

“ တိုင်းပြည်ပေါ်မှာ စေတနာထားပြီး စီးပွားရှာဖို့ သူပြောတာပါ၊ သူပြောတဲ့ စီးပွားရှာတဲ့ အခါမှာ ရိုးရှင်းဖို့လိုတယ်၊ တိုင်းပြည်ပေါ် သစ္စာရှိဖို့ လိုတယ်။ Ethical Business တွေဖြစ်ဖို့ လိုတယ်ဆိုတဲ့ အကြောင်းကို ပြောတာပါ အဓိက ကတော့။ ကောင်းပါတယ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လဲ မကြာခဏ တွေ့ မယ်ဆိုတဲ့ အကြောင်းပါ နိဂုံးချုပ်မှာပြော သွားပါတယ်။ ဒီလို မကြာခနတွေ့ဆုံပြော ရင်းနဲ့ ကျနော်တို့ လုပ်ငန်း ရှင်တွေဘက်က တင်ပြတာတွေလဲ အစိုးရအဖွဲ့က ကြားမယ်၊ အစိုးရလူကြီးတွေကလဲ ခုနကပြောတဲ့ ရိုးရှင်းဖို့တို့ သစ္စာရှိဖို့တို့ စေတနာ ပါဖို့တို့ ဆိုတာက အဂတိပပျောက်ဖို့တို့ လာဘ်ပေးလာဘ်ယူ ကင်းရှင်းအောင်လုပ်ဖို့ အဓိကပါတယ် ဆိုတာကိုလည်း သူညွှန်ကြားသွားပါတယ် ”

အခုလို အရပ်သားအစိုးရလက်ထက် ပွင့်လင်းမြင်သာ စွာနဲ့ နိုင်ငံတော် အစိုးရ ဘက်က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံပြီး နိုင်ငံတော်ရဲ့စီးပွားရေး မူဝါဒတွေနဲ့ ရှေ့ဆက်သွားမယ့်လုပ်ငန်းစဉ်တွေကို ပွင့်ပွင့်လင်းလင်းချပြခဲ့တဲ့အပေါ် စီးပွားရေးလုပ်ငန်းရှင်တွေဘက်က ကြိုဆိုပါတယ်။ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖယ်ရှားပေးနိုင်အောင် အမေရိကန် သမ္မတနဲ့ ဆွေးနွေး ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူပြန်ရောက် လာပြီး ရက်ပိုင်းအတွင်း စက်တင်ဘာလ ၂၈ရက်နေ့မှာ စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံဖို့ မူလက စီစဉ်ခဲ့ပေမဲ့လို့ သူမရဲ့ကျန်းမာရေး အခြေအနေကြောင့် ရွှေ့ ဆိုင်းခဲ့ပြီးနောက် ဒီကနေ့မှ နေပြည်တော်မှာ တွေ့ဆုံတာလည်းဖြစ်ပါတယ်။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
တိုင်းပြည်တိုးတက်ဖို့ လူထုစွမ်းရည် မြှင့်တင်ဖို့လို တိုင်းပြည်တိုးတက်ဖို့ လူထုစွမ်းရည် မြှင့်တင်ဖို့လို Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.