စားအုန်းဆီ၊ နေကြာဆီများကို မြေပဲဆီအနံ့ထည့်ပြီး ရောင်းချနေသော ပဲဆီအတုများကြောင့် မြေပဲဆီအစစ်များ ဈေးကွက်မရ


ပြည်တွင်းဈေးကွက်တွင် စားအုန်းဆီ၊ နေကြာဆီများကို မြေပဲဆီအနံ့ထည့်ပြီး ရောင်းနေသည့် စားသုံးဆီဈေးကွက်အား မြေပဲဆီအစစ်ဈေးကွက်အနေနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုးက ပြောကြားသည်။

''ဈေးကွက်ထဲမှာက စားသုံးဆီကို မြေပဲဆီအနံ့ပေးပြီး ပဲဆီဆိုပြီးတော့ ဖြန့်ဖြူးရောင်းချနေတာက တပိဿာကို ၂၂၀၀ ကျပ်ရှိတယ်။ ပဲပုပ်ဆီကို အနံ့ပေးပြီး မြေပဲဆီဆိုပြီးရောင်းနေတာ ၂၅၀၀ ကျပ် ရှိတယ်။ ကျွန်တော်တို့ မြေပဲဆီက တောင်သူတွေဆီက မြေပဲတပိဿာကို ၁၈၀၀ ကျပ်နဲ့ယူပြီး ဆီပြန်ကြိတ်ခွဲတာ တပိဿာကို ကျပ် ၃၅၀၀၊ ၃၈၀၀ အထိရှိတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ အနံ့ပေးပြီး မြေပဲဆီဆိုပြီး ရောင်းချနေတဲ့ ဈေးကွက်က ၉၀ ရာခိုင်နှုန်းရှိတဲ့အတွက် ဒီဈေးကွက်ကို ကျွန်တော်တို့ ဘယ်လိုမှ မယှဉ်ပြိုင်နိုင်ဘူးဖြစ်နေတယ်''ဟု ၎င်းက ပြောသည်။ ပြည်တွင်း၌ ဆီစက်များတွင် ကြိတ်ခွဲမှုမှာ ပဲဆန်တပိဿာဈေးနှုန်း ၁၈၀၀ ကျပ်ရှိသော်လည်း တောင်သူများဈေး မကိုက်ကြောင်း ပြည်သူများအနေဖြင့် ဈေးပေါပေါရသည့်ဆီကိုသာ အသုံးပြုနေသည့်အတွက် မြေပဲဆီစစ်စစ် နေရာမရ ဖြစ်ကြောင်း သိရသည်။

''အခုက ဆီရဲ့အရည်အသွေးက စားသုံးမှုမှာ အဆင့်နိမ့်သွားတယ်။ တချို့နေရာမှာဆိုရင် ဆီကိုမစားနိုင်ဘူး။ ဒါကြောင့် ဘာဆီပဲရရ အရည်အသွေးကို မကြည့်ဘဲ ပြည်သူတွေက အခုပေါပေါရတာကိုပဲ သုံးနေတယ်။ ဒီလိုလုပ်နေမှ တော့ ဘယ်လိုမှမကောင်းနိုင်ဘူး။ ဒါကြောင့် ပြည်သူလူထုရဲ့ မမှန်ကန်တာကို အားမပေးဖို့ စိတ်ဓာတ်ကိုလည်း ပြင်ရမယ်'ဟု ရန်ကုန်မြို့တ်ာဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ပြည်တွင်းစားသုံးဆီ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးကြောင်း ယနေ့တွင် ဆီလုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုအပိုင်းတွင် အခက်အခဲများရှိနေကြောင်း ယင်းအခက်အခဲများကို ညီညီညွတ်ညွတ် ဆောင်ရွက်ရန် အရေးကြီးကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

''ဆီလုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲတွေရှိတယ်ဆိုတာ သိပါတယ်။ ဒါကို ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားဖို့လို ပါတယ်။ စားသုံးသူကို လှည့်စားတဲ့လုပ်ငန်းစဉ်တွေကို ဘယ်လိုပပျောက်အောင် လုပ်မလဲ။ ဒါတွေကို ဘယ်လိုအရေးယူ ဆောင်ရွက်မလဲ။ အရေးယူဆောင်ရွက်မယ့်အပိုင်းမှာ ပုဂ္ဂလိကကဏ္ဍက ဆောင်ရွက်ရမှာရှိသလို၊ အသင်းအဖွဲ့ကလည်း လုပ်ရမှာရှိတယ်။ တချို့ကဏ္ဍတွေက နိုင်ငံတော်အစိုးရက လုပ်လို့ရတာရှိတယ်။ ကဏ္ဍတွေကိုခွဲပြီး အခု အတုအပလုပ် ဆောင်နေတဲ့ကိစ္စတွေကို သေသေချာချာ မဖြစ်မနေ လုပ်ဆောင်ရမယ်''ဟု ဦးဝင်းအောင်က ပြောသည်။

ဆီလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပါက ဆီမှထုတ်လုပ်သည့် အခါထွက်ရှိသည့် ဘေးထွက်ပစ္စည်းဖြစ်သည့် ပဲဖတ်၊ နှမ်းဖတ်များလည်း ထွက်ရှိ မည်ဖြစ်ကြောင်း၊ ယခုအခါတွင် ပဲဖတ်၊ နှမ်းဖတ်ထွက်ရှိမှုနည်းသည့်အတွက် မွေးမြူရေးအစာများကို ပြည်ပမှ တင်သွင်းလျက်ရှိကြောင်း သိရသည်။ ပြည်တွင်းတွင် ဆီကြိတ်ခွဲထုတ်လုပ်သည့် ဆီစက် ၂၉၇၄ စက်ရုံရှိသော်လည်း အမှန်တကယ်လည်ပတ်မှုမှာ ၁၀ ရာခိုင် နှုန်းခန့်သာရှိကြောင်း၊ ယင်း ၁၀ ရာခိုင်နှုန်းသော ဆီစက်များမှာ တရက်လည်၊ နှစ်ရက်နားပုံစံမျိုးဖြင့်လည်ပတ်လျက်ရှိကြောင်း၊ ဆီလုပ်ငန်းရှင်များ နိုင်ငံတကာ အဆင့်မီထုတ်လုပ်နိုင်ရန်နှင့် ဆီတရားမ၀င် ရောနှော၊ အတုအပထုတ်လုပ်မှုများကို တားဆီးရန် စီးပွားကူးသန်းဝန်ကြီးဌာနမှလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်းသို့ နိုင်ငံတကာမှ ဟင်းရွက်ဆီများ ၀င်ရောက်ထိုးဖောက်မှုများလာသည့်အတွက် အိမ်ရှင်မများ၏ လေးပုံနှစ်ပုံမှာ အဆိုပါဟင်းရွက်ဆီ ဈေးကွက်သို့ အားပေးလာခြင်းကို တွေ့ရကြောင်း အဓိကအနေဖြင့် ဈေးနှုန်းသက်သာပြီး အသုံးခံသောကြောင့်ဖြစ်ကြောင်း ကုန်မျိုးစုံရောင်းချသူ ဆိုင်ပိုင်ရှင်တဦးက ဆိုသည်။

နိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
စားအုန်းဆီ၊ နေကြာဆီများကို မြေပဲဆီအနံ့ထည့်ပြီး ရောင်းချနေသော ပဲဆီအတုများကြောင့် မြေပဲဆီအစစ်များ ဈေးကွက်မရ စားအုန်းဆီ၊ နေကြာဆီများကို မြေပဲဆီအနံ့ထည့်ပြီး ရောင်းချနေသော ပဲဆီအတုများကြောင့် မြေပဲဆီအစစ်များ ဈေးကွက်မရ Reviewed by THITHTOOLWIN on 10:36 Rating: 5
Powered by Blogger.