မောင်တောနယ်ကျေးရွာများသို့ ရောက်နေသော ပညာရေးဝန်ထမ်းများလုံခြုံရေး စုရပ်သုံးနေရာ သတ်မှတ်ပြီး ဘေးကင်းအောင် စီစဉ်မည်


နိရဉ္စရာ၊အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်ကျေးရွာများတွင် ရောက်နေကြသော ပညာရေး ၀န်ထမ်း၊ဆရာ၊ဆရာမများအား စုရပ်သုံးနေရာထားကာ လုံခြုံရေးကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးက ဆိုသည်။

“ဒီနေ့ကစပြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့တိုင်ပင်ပြီး တောင်ပြိုမှာ တစ်နေရာ၊ကြိမ်ချောင်းမှာ တစ်နေရာ၊ မောင်တောမှာ တစ်နေရာ စုရပ်ထားပြီး လုံခြုံရေး ဆောင်ရွက်ပေးသွားမှာပါ။ငါးခူရကတော့ တချို့တ၀က် ရောက်နေပါပြီ။ ကြိမ်ချောင်းမှာတော့ နည်းနည်း ရောက်နေကြပါပြီ။ခမောင်ဆိပ်နဲ့တမန်းသားကတော့ နည်းနည်းကြာပါမယ်။လမ်းလျှောက်လာရတာတွေ၊ဆိုင်ကယ်နဲ့မှ သွားလို့ရတာတွေကြောင်းပါ”ဟု မြို့နယ်ပညာရေးမှူး ဦးခင်အောင်က နိရဉ္စရာသို့ ဆိုသည်။


မောင်တောမြို့နယ် ကျေးရွာအများအပြားတွင် စာသင်ပြနေသော ဆရာ ဆရာမများအနေဖြင့် အောက်တိုဘာ ၉ ရက် နံနက်က ဖြစ်ပွားခဲ့ အကြမ်းဖက်တိုက်ခိုက်မှု အပြီး ကျေးရွာ တစ်ရွာနှင့် တစ်ရွာ အကြား သွားလာမှုကို အာဏာပိုင်များက ပိတ်ထားလိုက်ရာမှ သွားလာခွင့်မရဘဲ ကျေးရွာများတွင် ပိတ်မိနေခဲ့ကြရသည်။

၎င်းပြင် တိုင်းရင်းသားကျေးရွာများတွင် တပ်စွဲထားသော ကင်းစခန်းများကို လုံခြုံရေးအားနည်း၍ စုဖွဲ့မှု လုပ်လိုက်သဖြင့် ကျေးရွာများတွင် နယ်ခြားစောင့်တပ်ဖွဲ့ မရှိဘဲ ဖြစ်သွားသဖြင့် ဆရာ ဆရာမများ၊ တိုင်းရင်းသား ကျေးရွာသားများကို အထူး စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့သည်ဟု သိရသည်။

တပ်အင်အားများ ရောက်ရှိလာသဖြင့် တိုင်းရင်းသားကျေးရွာများရှိ ကင်းစခန်းများတွင် နယ်ခြားစောင့်တပ်များ ယမန်နေ့ နေ့လယ်ကစပြီး ပြန်လည် နေရာယူလျက်ရှိကြောင်း ဒေသခံများက ပြောသည်။


ယနေ့မနက်ပိုင်း ၈ နာရီကတည်းက စတင်ပြီး နယ်သို့ ရောက်နေကြသော ဆရာ၊ဆရာမများအား ကားဖြင့်ခေါ်ယူနေရာ ကျီးကန်းပြင်၊ ငါးခူရမှ ဆရာ၊ဆရာမ ၁၂ ဦးရောက်ရှိကြောင်း ဆရာဦးခင်အောင်က ပြောဆိုသော်လည်း ငါးခူရရွာတွင် အဆက်အသွယ်မရသေးသည့် ဆရာ၊ ဆရာမများရှိသေးကြောင်း မိသာစုဝင်များက ဆိုသည်။

“ခရိုင်အုပ်ချုပ်ရေးမှူးအစီအစဉ်ကတော့ တမန်းသား၊ခမောင်းဆိပ်၊အောင်သပြေဖက်က ဆရာ၊ ဆရာမတွေကိုတော့ လောလောဆယ် ကြိမ်ချောင်းစုရပ်မှာထားမယ်လို့ ပြောပါတယ်။ သီတင်းကျွတ်ကျောင်းပိတ်ရက်နဲ့ ဆက်သွားတာကြောင်း ၂၄ ရက်နေ့ ကျောင်းပြန်ဖွင့်မှာပါ။ တည်ငြိမ်တယ်ဆိုရင်ပေါ့။ကျောင်းပြန်ဖွင့်ချိန်မှာ ကျန်ခဲ့တဲ့ဘာသာရပ်တွေကို ပြန်စစ်သွားမယ်လို့ စီစဉ်ထားပါတယ်။ ဒေသအခြေအနေတော့ ပြောလို့မရသေးပါဘူး”ဟု ဆရာဦးခင်အောင်က ဆိုသည်။


မောင်တောမြို့မြောက်ပိုင်းအစွန်းဆုံးနေရာ ဝေလာတောင်ကျေးရွာတွင် တာဝန်ကျနေသည့် ဆရာမ ဒေါ်ဝေမာလွင်က”ခုတော့ ခမောင်ဆိပ်ကိုရောက်နေပါတယ်။ကျောင်း သုံးလေးကျောင်းပေါင်းပြီး ဆရာ၊ဆရာမ ၃၀ကျော်နီးပါးရှိပါတယ်။ မြို့နယ်ရုံးက ကားလွှတ်လိုက်တယ်လို့တော့ အကြောင်းကြားလာပါတယ်။ မောင်တောမြို့ပေါ်ကဖြစ်ပေမယ့် အိမ်ကို အမြန်ပြန်ရောက်ချင်ပါတယ်။ လုံခြုံရေးအခြေအနေကိုတော့ ဘာမှန်းမသိပါဘူး”ဟု နိရဉ္စရာ သတင်းဌာနသို့ ဆိုသည်။

ရခိုင်ပြည်နယ်၊မောင်တောခရိုင်တွင် ယခုလ ၉ ရက်နေ့ မနက်ပိုင်းက နယ်မြေလုံခြုံရေးစခန်း သုံးခုတိုက်ခိုက်ခံရကာ လက်နက်များလည်း လုယက်ခံလိုက်ရသဖြင့် ဒေသခံပြည်သူများအနေဖြင့် နယ်မြေလုံခြုံရေးအခြေအနေများကို စိုးရိမ်နေကြကြောင်း သိရသည်။

(မောင်တောမြို့နယ်တွင် တာဝန်ကျနေသော ဆရာမများ၏ ဘ၀ပုံရိပ်အပိုင်းအစများ/ ဓာတ်ပုံ- ဆရာခိုင်ပြည်ထွန်း)

ကောင်းမြတ်နိုင်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
မောင်တောနယ်ကျေးရွာများသို့ ရောက်နေသော ပညာရေးဝန်ထမ်းများလုံခြုံရေး စုရပ်သုံးနေရာ သတ်မှတ်ပြီး ဘေးကင်းအောင် စီစဉ်မည်  မောင်တောနယ်ကျေးရွာများသို့ ရောက်နေသော ပညာရေးဝန်ထမ်းများလုံခြုံရေး စုရပ်သုံးနေရာ သတ်မှတ်ပြီး ဘေးကင်းအောင် စီစဉ်မည် Reviewed by THITHTOOLWIN on 18:36 Rating: 5
Powered by Blogger.