ဖိလစ်ပိုင်တောင်ပိုင်း၌ အင်ဒိုနီးရှားတန်ဆာခံ သုံးဦးလွတ်မြောက်လာ

အဘူဆေးယက်ဖ်အဖွဲ့ ၏ ဖမ်းဆီးခြင်းခံထားရသော နော်ဝေ တန်ဆာခံများ စက်တင်ဘာ ၁၈ ရက်က လွတ်မြောက်လာစဉ်(ဓာတ်ပုံ-အင်တာနက်)
    မနီလာ ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

    ဖိလစ်ပိုင်နိုင်ငံအခြေစိုက် အဘူဆေးယက်ဖ်အကြမ်းဖက်အဖွဲ့ က ၄င်းတို့ ဖမ်းဆီးထားသော အင်ဒိုနီးရှား တန်ဆာခံ သုံးဦးကို ဖိလစ်ပိုင်တောင်ပိုင်း Sulu ပြည်နယ်၌ ပြန်လွှတ်ပေးခဲ့ကြောင်း ဖိလစ်ပိုင်အဆင့်မြင့်အရာရှိတစ်ဦးက အောက်တိုဘာ ၂ ရက်တွင်ပြောကြားလိုက်သည်။

အဖမ်းဆီးခံထားရသော အင်ဒိုနီးရှားတံငါသည်များကို Moro အမျိုးသားလွတ်မြောက်ရေးတပ်ဦးဥက္ကဋ္ဌ Nur Misuari က Sulu ပြည်နယ်အုပ်ချုပ်ရေးမှူး Abdusakur Tan II ထံသို့ အောက်တိုဘာ ၂ ရက် မွန်းတည့် ၁၂ နာရီမထိုးမီ ပြန်လည်လွှဲပြောင်းပေးမည် ဖြစ်ကြောင်း သမ္မတအကြံပေး Jesus Dureza က ဆိုသည်။

“ Misuari ဥက္ကဋ္ဌ က ပုဂ္ဂိုလ်ရေးအရ ကျွန်တော့်ဆီ ဖုန်းဆက်လာပါတယ်။ အဘူဆေးယက်ဖ် အဖွဲ့ မှာ ကျန်နေတဲ့ အခြား တန်ဆာခံတွေကို ပြန်လွတ်မြောက်အောင် ကြိုးစားဖို့ အကြောင်းတွေပေါ့”ဟု ၄င်းက ဖြည့်စွက်ပြောကြားသည်။

အဆိုပါ တန်ဆာခံများကို ရုပ်ပိုင်းဆိုင်ရာ ကုသမှုများပြုလုပ်ရန် လိုအပ်ကြောင်း နှင့် အင်ဒိုနီးရှားစစ်တပ်ကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း တန်က အတည်ပြုပေးသည်ဟု ၄င်းက ဆိုသည်။

အဆိုပါ အင်ဒိုနီးရှားတံငါသည်များသည် Sabah ရှိ Lahad Datu တွင် ဇူလိုင်လက အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ လတ်တလောတွင် အဘူဆေးယက်ဖ်သူပုန်များအား စစ်ဆင်ရေးများပြုလုပ်နေခြင်းသည် ဖမ်းဆီးခံထားရသော တန်ဆာခံများအား ပြန်လွှတ်ပေးရန် တွန်းအားပေးရာ ရောက်ကြောင်း ၄င်းက ဆိုသည်။ ပြီးခဲ့သော လကလည်း အဘူဆေးယက်ဖ်သူပုန်များသည် အင်ဒိုနီးရှားငါးဖမ်းသမား ၃ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဖိလစ်ပိုင်လူမျိုး ၁ဝ ဦး ခန့် နှင့် နိုင်ငံခြားသား တန်ဆာခံအချို့ သည် အကြမ်းဖက်အဖွဲ့ တွင် ကျန်ရှိနေသေးကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဖိလစ်ပိုင်တောင်ပိုင်း၌ အင်ဒိုနီးရှားတန်ဆာခံ သုံးဦးလွတ်မြောက်လာ  ဖိလစ်ပိုင်တောင်ပိုင်း၌ အင်ဒိုနီးရှားတန်ဆာခံ သုံးဦးလွတ်မြောက်လာ Reviewed by THITHTOOLWIN on 16:01 Rating: 5
Powered by Blogger.