ထီးနန်းဆက်ခံမှုနှင့် ပတ်သက်၍ မစိုးရိမ်ကြရန် ထိုင်းအိမ်ရှေ့မင်းသားပြောကြား

ထိုင်းနိုင်ငံ အိမ်ရှေ့စံ Maha Vajiralongkorn အားတွေ့ရစဉ် (ဆင်ဟွာ)
    ဘန်ကောက်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

    ထိုင်းနိုင်ငံ အိမ်ရှေ့စံ Maha Vajiralongkorn က ထီးနန်းဆက်ခံခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နန်းတော်ဥပဒေ နှင့် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများ ဖြင့် အသေးစိတ်ဆောင်ရွက်ထားခြင်းဖြစ်၍ ထိုင်းနိုင်ငံပြည်သူပြည်သားများအနေဖြင့် ထီးနန်းဆက်ခံခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုမရှိကြရန် ပြောကြားခဲ့သည်။

အသက် ၆၃နှစ်အရွယ်ရှိပြီဖြစ်သော ထိုင်းအိမ်ရှေ့စံသည် ထီးနန်းယာယီထိန်းသိမ်းသူ Prem Tinsulanonda နှင့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ တို့အား ပြီးခဲ့သည့် အောက်တိုဘာ၁၅ရက်ကတွေ့ဆုံခဲ့ကြောင်း ထိုင်းအစိုးရက ၄င်းတို့၏ အင်တာနက်စာမျက်နှာ၌ဖော်ပြခဲ့သည်။

ထိုင်းအိမ်ရှေ့စံက ထီးနန်းဆက်ခံမည့်အချိန်ကာလနှင့် ပတ်သက်၍ ပြောကြားရာ၌ ၄င်းအပါအဝင် ထိုင်းနိုင်ငံသားအားလုံးတို့သည် ထိုင်းဘုရင် ဘူမိဘောလ် အဒူလျာဒတ် ကံတော်ကုန်သွားခြင်းအတွက် ဝမ်းနည်းပူဆွေးနေရကြောင်း နှင့် ဈာပနအခမ်းအနား ပြီးဆုံးပြီးမှသာလျှင် ထီးနန်းဆက်ခံရန် အချိန်ကာလကောင်း သို့ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းဘုရင် ဘူမိဘောလ်၏ ရုပ်ကလာပ်တော်အား ရိုးရာဓလေ့အတိုင်း တော်ဝင်ဈာပနအခမ်းအနား မကျင်းပမီ တော်ဝင်နန်းတော်၌ လပေါင်းများစွာထားရှိသွားမည်ဖြစ်ကြောင်း နှင့် ဘုန်းတော်ကြီးများက အောက်တိုဘာ ၁၄ရက်ကတည်းက တော်ဝင်နန်းတော်ရှိ ရုပ်ကလာပ်တော် နံဘေးတွင် ရက်ပေါင်း ၁၀၀တိုင်အောင် ရွတ်ဖတ်ဆုတောင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ ထိုင်းအိမ်ရှေ့မင်းသား၏ ပြောကြားချက်များကို ကိုးကား၍ ဝန်ကြီးချုပ် ပရာယွတ်က အောက်တိုဘာ ၁၅ရက် သန်းခေါင်ယံအချိန်တွင် နိုင်ငံပိုင်ရုပ်သံလိုင်းမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ပရာယွတ်က ၄င်းသည် အိမ်ရှေ့စံ၏ဆန္ဒအား အမျိုးသား ဥပဒေပြုလွှတ်တော် ဥက္ကဋ္ဌ ထံသို့ အသိပေးခဲ့ပြီးဖြစ်ကြောင်း နှင့် ထိုင်းနိုင်ငံအတွင်းရှိ ပြည်သူများကိုလည်း ယင်းအကြောင်းအရာ အား သိရှိစေလိုကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က တော်ဝင်နန်းတော်အတွင်းရှိ ထိုင်းဘုရင်၏ ရုပ်ကလာပ်တော် အား အများပြည်သူဖူးမြော်နိုင်ရန် အောက်တိုဘာ ၂၈ မှ စတင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းဘုရင် ဘူမိဘောလ် အဒူလျာဒတ် သည် နှစ်၇၀ကြာ ထီးနန်းစိုးစံပြီးနောက် အောက်တိုဘာ ၁၃ရက်တွင် ကံတော်ကုန်ခဲ့ပြီး ကံတော်ကုန်ချိန်တွင် သက်တော် ၈၈နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ထီးနန်းဆက်ခံမှုနှင့် ပတ်သက်၍ မစိုးရိမ်ကြရန် ထိုင်းအိမ်ရှေ့မင်းသားပြောကြား ထီးနန်းဆက်ခံမှုနှင့် ပတ်သက်၍ မစိုးရိမ်ကြရန် ထိုင်းအိမ်ရှေ့မင်းသားပြောကြား Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.