အိမ်အကူလုပ်ရမည်ဟုဆိုကာ အသက်မပြည့်သူမိန်းကလေးငယ်ကို ပြည့်တန်ဆာအဖြစ်စေခိုင်းသူအမျိုးသားကို လူကုန်ကူးမှုဖြင့် ဖမ်းဆီးအရေးယူ


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တဦးကို အိမ်အကူအဖြစ်ခေါ်ဆောင်ခဲ့ပြီး ပြည်တန်ဆာလုပ်ခိုင်းသူအမျိုးသားတဦးအား စက်တင်ဘာ ၂၉ ရက်နေ့က လူကုန်ကူးမှုဖြင့် အမှုဖွင့်ဖမ်းဆီးထားပြီး ပါဝင်ပတ်သက်သူလေးဦးကို ဆက်လက်ရှာဖွေလျှက်ရှိကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ သိရသည်။

အမှုဖြစ်စဉ်မှာ ရှမ်းချောင်းရွာနေ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တဦးကို ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့က မိဘများမရှိခိုက် တရွာတည်းနေ ဒေါ်ဌေးနှင့် မစန်းဌေးဆိုသူတို့က ဘုရင့်နောင်တွင် အိမ်အကူအဖြစ်လုပ်ကိုင်ပါက ကျပ် သုံးသောင်းရရှိမည်ဟုပြောဆိုစည်းရုံးသဖြင့် သဘောတူခဲ့ကြောင်း၊ ထို့နောက် ၄င်းတို့က မ ….(၁၅)နှစ်အား ဘုရင့်နောင်ပွဲရုံ ငုဝါလမ်းရှိ တိုက်ခန်းတခုအတွင်းခေါ်ဆောင်ကာ ဇော်မျိုးဦး ဆိုသူထံတွင် အလုပ်အပ်ပေးခဲ့သည်ဆိုသည်။ ထိုသို့အပ်ပေးပြီးနောက် ဇော်မျိုးဦးဆိုသူထံမှ ငွေကျပ်တသိန်းခွဲကို ဒေါ်ဌေးနှင့် မဇင်မာမြင့်ဆိုသူတို့ကထုတ်ယူသွားပြီး မ ..(၁၅)နှစ်ကို ထားခဲ့သည်။

ထို့နောက် ဇော်မျိုးဦးက မ ..(၁၅)နှစ်အား ပြည့်တန်ဆာအလုပ်လုပ်ရမည်ဖြစ်ကြောင်းပြောသဖြင့် မ ..(၁၅နှစ်) က မလုပ်နိုင်ကြောင်းပြောဆိုရာ ငွေကျပ် တသိန်းခွဲထုတ်ယူထားပြီးဖြစ်သဖြင့် ယင်းပိုက်ဆံပြန်ရမှသာ ပြန်နိုင်ကြောင်းပြောဆိုခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

မ..(၁၅)နှစ်၏ငြင်းဆန်မှုကြောင့် ပြည့်တန်ဆာအလုပ်ကို မလုပ်ရသော်လည်း အနှိပ်ခန်းအတွင်းနေထိုင်စဉ်ကာလ လုပ်အားခမရရှိခဲ့ဘဲ ယခုလိုရဲတပ်ဖွဲ့လာရောက်စစ်ဆေးမှသာ အဖြစ်မှန်ကိုပြောပြနိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အိမ်အကူအလုပ်ရမည်ဟုဆိုကာအနှိပ်ခန်းသို့ပို့ဆောင်ခဲ့သည့် ဒေါ်ဌေးဆိုသူကို ဖမ်းဆီးထားပြီး ပါဝင်ပတ်သက်သည့် ကျန်လေးဦးကို လှိုင်သာယာ မြို့မရဲစခန်းက ပ ၂၀၉၁/၁၆ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ အရအမှုဖွင့်ထားကြောင်း သိရသည်။

ကိုရဲ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အိမ်အကူလုပ်ရမည်ဟုဆိုကာ အသက်မပြည့်သူမိန်းကလေးငယ်ကို ပြည့်တန်ဆာအဖြစ်စေခိုင်းသူအမျိုးသားကို လူကုန်ကူးမှုဖြင့် ဖမ်းဆီးအရေးယူ အိမ်အကူလုပ်ရမည်ဟုဆိုကာ အသက်မပြည့်သူမိန်းကလေးငယ်ကို ပြည့်တန်ဆာအဖြစ်စေခိုင်းသူအမျိုးသားကို လူကုန်ကူးမှုဖြင့် ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 15:38 Rating: 5
Powered by Blogger.