မောင်တောမြို့နယ်အတွင်းမှ ၀င်ရောက်ခိုလှုံလာသော ဒေသခံ ရခိုင်တိုင်းရင်းသား လူဦးရေ ၄၀၀ ကျော်အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ကူညီထောက်ပံ့မှုများ ပေးအပ်
ရခိုင်ဂေဇက် ၊ အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှ စစ်တွေမြို့သို့ ၀င်ရောက် ခိုလှုံလာသော ဒေသခံ ရခိုင်တိုင်းရင်းသား လူဦးရေ ၄၀၀ ကျော်အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက သွားရောက် ကြည့်ရှုပြီး ကူညီထောက်ပံမှုများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မောင်တောမြို့နယ်အတွင်းမှ ၀င်ရောက်ခိုလှုံလာသော မိသားစုဝင်များသည် အောက်တိုဘာလ ၁၂ ရက်နေ့က စစ်တွေမြို့ပေါ်သို့ ၀င်ရောက်လာခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် စက်ရုံစု ရပ်ကွက် ရတနာ့ဗိမာန် ဘုန်းတော်ကြီးကျောင်းတွင် လူဦးရေ ၂၅၈ ဦးနှင့် ၀င်္ကဘာကွင်းအနီး သုဒ္ဓိဇေယျသိမ်တော်တွင် လူဦးရေ ၁၅၂ ဦးစုစုပေါင်း လူဦးရေ ၄၁၀ ဦးတို့သည် အကြမ်းဖက်သမားများ၏ အန္တရာယ်ကြောင့် မိမိတို့ ကျေးရွာများတွင် မနေရဲတော့ဘဲယင်းသို့ ရှောင်တိမ်းလာခဲ့ခြင်း ဖြစ်ကြောင်း ၀င်ရောက် ခိုလှုံလာသူများက ဆိုသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အစိုးရအဖွဲ့ဝန်ကြီးများသည် စက်ရုံစုရပ်ကွက် ရတနာ့ဗိမာန် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံရောက် ရှိသော မိသားစုဝင်များအတွက် ငွေကျပ် ၁၀ သိန်း ၊ စောင် ၊ ခြင်ထောင် ၊ ဆန် နှင့် ဆီ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ၊ ၀င်္ကကဘာကွင်း အနီး သုဒ္ဓိဇေယျသိမ်တော်တွင် ၀င်ရောက် ခိုလှုံလာသော မိသားစုဝင်များအား ငွေကျပ် ၅ သိန်းနှင့် စားနပ်ရိက္ခာများကို ထောက်ပံ့ပေးအပ်ကာ ယင်းတို့၏ စိတ်ပိုင်းဆိုင်ရာများအပါအ၀င် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
မောင်တောမြို့နယ်အတွင်းမှ ထွက်ပြေးလာသူ ၄၀၀ ကျော်အား ပြည်နယ် အစိုးရအဖွဲ့ မှ ကူညီ
Reviewed by THITHTOOLWIN
on
19:43
Rating:
