ခုတမျိုး တော်ကြာတမျိုး


“''ကျွန်မတို့လည်း ပေးတဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့တာပဲ။ အခု ကျွန်မတို့ ကိုယ့်ရွာကို ပြန်ပြောင်းဖို့ ကျတော့ ပညာရေးမှူးရုံးက အခုတမျိုး တော်ကြာတမျိုးလုပ်နေတယ် …”

ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ ၆၂ ဦးကို မြို့နယ်ပညာရေးမှူးရုံးက ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီးမှ အမိန့်ထပ်မံထုတ်ပြန်၍ မူလနေရာတွင်သာ တာဝန်ပြန်လည်ထမ်းဆောင်ရမည်ဟု စေခိုင်းခဲ့သည့်ဖြစ်စဉ်တခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၁ ရက် ရက်စွဲဖြင့် ဆရာ၊ ဆရာမ ၆၈ ဦးကို နေရာ ပြောင်းရွှေ့ခွင့်ပြုခဲ့သော်လည်း ခြောက်ဦး ကိုသာ ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီး ကျန် ၆၂ ဦးကို ပြောင်းရွှေ့မိန့်ကျပြီးမှ ပြောင်းရွှေ့ ခွင့်မပြုခဲ့ဘဲ မူလနေရာတွင်သာ တာဝန်ပြန်လည်ထမ်းဆောင်စေခဲ့ကြောင်း ပြောင်းရွှေ့ခွင့်မရသည့် ဆရာမတဦး၏ ဦးလေး တော်စပ်သူက News Watch သို့ ပြောကြားသည်။

''ဆရာ၊ ဆရာမ ၆၂ ယောက်က အပြောင်းအရွှေ့ကိစ္စကလည်း တရားဝင်စာထွက်ပြီးသား။ သြဂုတ် ၁ ရက်မှာ စာ ထွက်တယ်။ သြဂုတ် ၂၄ ရက်မှာကျတော့ မပြောင်းရတော့ဘူး။ မူလကျောင်းတွေမှာပဲ ဆက်လက်တာဝန်ထမ်းဆောင်ရမယ်။ ၀န်ထမ်းတွေရဲ့ ၀န်ထမ်းစာအုပ်မှာလည်း လက်မှတ်ထိုးပြီးပြီ။ လစာဘေလ်ကိုလည်း ပြောင်းခွင့်ရတဲ့ကျောင်းမှာ ထည့်ဆွဲပြီးမှ အခုမပြောင်းရတော့ဘူးဆိုတော့ တခုခုလွဲ နေသလိုပဲ။ ဆရာကန်တော့ပွဲတွေဘာတွေ လုပ်ပြီး ငိုဟယ် ရယ်ဟယ်ဖြစ်ပြီးတော့မှ မပြောင်းရတော့ဘူး။ ဒီကျောင်းကို ပြန်လာခဲ့ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ။ အခု ကျွန်တော့် တူမလေးဆို တော်တော် စိတ်ထိခိုက်နေတယ်''ဟု၎င်းက ပြောသည်။

ပြောင်းရွှေ့ခွင့်အမိန့်တွင် ပါသည့် ဆရာ၊ ဆရာမ ၆၈ ဦးတွင် ၆ ဦးသာ ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီး ကျန် ၆၂ ဦးကို ပြောင်းရွှေ့ခွင့်မပြုခြင်းသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးထံ တိုင်ကြားရန် ပြင်ဆင်နေကြောင်း ပြောင်းရွှေ့ခွင့်မရသည့်ဆရာ၊ဆရာမအချို့ထံမှ သိရသည်။

''ကျွန်မတို့လည်း ပေးတဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့တာပဲ။ အခု ကျွန်မတို့ ကိုယ့်ရွာကို ပြန်ပြောင်းဖို့ ကျတော့ ပညာရေးမှူးရုံးက အခုတမျိုး တော်ကြာတမျိုးလုပ်နေတယ်။ လူမှုရေးဝန်ကြီးဆီတိုင်ဖို့စီစဉ်ထားတယ်။ ဘယ်သူ့ကိုမှ ထိခိုက်စေချင်လို့ မဟုတ်ပါဘူး။ ၆ ယောက်ကျတော့ ပြောင်းခွင့်ရပြီး ကျန်တဲ့ ၆၂ ယောက်က ပြောင်းခွင့်မရဘူးဆိုတာကတော့ ပုံမှန်မဟုတ်ဘူးလို့ ထင်တယ်''ဟု အမည်မဖော်လိုသူ ကျောင်းဆရာမတဦးက News Watch သို့ ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပန်းတနော်မြို့နယ် ပညာရေးမှူးဆရာကြီး ဦးငွေထွန်းက ဆရာ၊ ဆရာမ အင်အား နည်းပါးမှုကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့ခွင့်ကို ပြင်ဆင်၍ မူလနေရာတွင် တာဝန်ထမ်းဆောင်စေခြင်းဖြစ် ကြောင်းနှင့် ယာယီသဘောသာဖြစ်ပြီး ဆရာ၊ ဆရာမအသစ်များ ၀င်ရောက်လာပါက ပြောင်းရွှေ့ခွင့်ရရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

''ပြောင်းရွှေ့ခွင့်တွေပေးလိုက်ပြီးတဲ့နောက်မှာ တချို့ကျောင်းတွေမှာ ဆရာ၊ ဆရာမ အင်အားလျော့နည်းသွားတာရှိတယ်။ အဲဒီအတွက် တချို့ရွာတွေက တင်ပြတာတွေရှိတဲ့အတွက် ပြောင်းရွှေ့ခွင့် ရတဲ့ ဆရာ၊ ဆရာမတွေကို နဂိုမူလကျောင်းတွေမှာပဲ ဆက်ပြီးနေပေးကြပါဦးလို့ ဒီလ ၂၃ ရက်နေ့မှာ တွေ့ပြီးတော့ မေတ္တာရပ်ခံထားပါတယ်။ ဒီနှစ်ကုန် နောက်ဆုံးထားပြီး ပြောင်းရွှေ့လို့ရအောင် စီစဉ်ဆောင်ရွက်နေပါတယ်။ ပြောင်းရွှေ့ခွင့်ရတဲ့ ဆရာ၊ ဆရာမ ၆ ယောက်ကတော့ သူတို့နေရာကို ၀င်မယ့်သူ အဆင်သင့်ရှိတဲ့အတွက် ပြောင်းခွင့်ပြုရတာ ဖြစ်ပါတယ်''ဟု ၎င်းက အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားသည်။ ပန်းတနော်မြို့နယ်တွင် ထက်၊ လယ်၊ မူ အခြေခံပညာ ကျောင်းပေါင်း ၂၈၅ ကျောင်းရှိပြီး ဆရာ၊ ဆရာမ ၂၀၀၀ ကျော် ပညာသင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။

(နှင်းမောင်ဦး)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ခုတမျိုး တော်ကြာတမျိုး  ခုတမျိုး တော်ကြာတမျိုး Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.