နယ်ကျော်တောဆင်ရိုင်း အဖျောက်မြို့နယ်အစပ်တွင် ဖမ်းဆီးရမိ


ပဲခူးရိုးမတောနက်အတွင်းကနယ်ကျော်ပြီးဆင်းလာတဲ့ တောဆင်ရိုင်းတစ်ကောင်ဟာ သတင်းရရှိပြီး(၅)ရက်အကြာ အောက်တိုဘာ (၂၃)ရက် ညနေ(၅)နာရီခွဲအချိန်မှာ ရန်ကုန်တိုင်းဒေသကြီး အဖျောက်မြို့နယ်အစပ် ဧရာဝတီတိုင်းဒေသကြီးအဆုံးသဲဖြူ ကျေးရွာအနီးမှာ မေ့ဆေးသေနတ်နဲ့ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး မူရင်းဒေသကိုပို့ဆောင်ဖို့အတွက် ဆယ်ဘီးမော်တော်ယာဉ်နဲ့ ပြန်လည်သယ်ယူ သွားပြီဖြစ်တယ်လို့ သိရပါတယ်။

 "ကျွန်တော်တို့ဆီကို သတင်းရောက်တာ အောက်တိုဘာ(၁၈)ရက်နေ့ကပါ။ (၁၉)ရက်နေ့ကစပြီး ဆင်နောက်ကို တောက်လျှောက်သတင်းရယူပြီး ထပ်ချပ်မခွာလိုက်နေတာ ဒေသခံပြည်သူတွေ အထိတ်တလန့်နဲ့မထိခိုက်ဖို့ရယ်၊ ပစ်ခတ်ခွင့်ပြုအမိန့်ရယ်၊ ဆင်ကိုသယ်ယူတဲ့အခါ လန်းပန်းသာတဲ့နေရာအစရှိတဲ့အချက်တွေကို ထည့်သွင်းတွက်ချက်ပြီးမှ ခုလို ဖမ်းဆီးခဲ့ရတာပါ" လို့ တိုက်ကြီးမြို့နယ် မြိုင်ဟေဝန်ဆင်စခန်းမှဆင်ဦးစီး တစ်ဦး ဖြစ်တဲ့ ဦးအောင်ဆန်းဦးက ရှင်းပြပါတယ်။


 တောခေါင်းတစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းထွန်းကလည်း "ဆင်ကို ဂျစ်ကားလို့အမည်ပေးထားတယ်လို့ သိရ ပါတယ်။ ဟိုင်းဆင်အမျိုးအစားပါ။ အမြင့်က (၈)ပေလောက်ရှိပါတယ်။ အမေရိကန် နိုင်ငံက Radio Coller နဲ့မှတ်ထားတဲ့ လေးကောင်ထဲက တစ်ကောင်ပါ။ လူတွေက ဆင်ရိုင်းကိုဆင်ယဉ်ထင်ပြီး အနားကိုအရမ်းကပ်ကြည့်နေကြတာ ဘယ်လိုမှ ပြောမရဘူး။ အခုလိုဘယ်သူမှထိခိုက်မှုမရှိဘဲ ပြန်ပြီးဖမ်းဆီးနိုင်တာ အရမ်းဝမ်းသာ မိပါတယ်ဗျာ" ဟုဆိုပါတယ်။


 ပဲခူးရိုးမသစ်တောကြိုးဝိုင်းနဲ့အနီးမှာရှိတဲ့ ကျေးရွာတွေ မှာ စပါးပေါ်ချိန်နဲ့ နွေရာသီကြံပေါ်ချိန်တွေမှာ တောဆင်ရိုင်းတွေ အုပ်စုဖွဲ့ဆင်းလာပြီး စပါခင်းတွေ ကြံခင်းတွေနဲ့ လူတို့စိုက်ပျိုးထားတဲ့ သီးပင် စားပင်တွေကို လာရောက်ဖျက်ဆီးစားသောက်ပြီး လူတွေကိုလည်း အန္တရာယ် ပေးတတ်ကြပါတယ်။ နှစ်စဉ်လူသုံးဦးထက်မနည်းဆင်နင်းခံရပြီး သေဆုံးနေရပါတယ်။ မြန်မာနိုင်ငံမှာ ရွှေတောင်၊ သပိတ်ကျင်း၊ တိုက်ကြီး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ တောဆင်ရိုင်းအကောင်ရေအများဆုံးရှိပြီး တစ်နိုင်ငံလုံးအနေနဲ့ တောဆင်ရိုင်းအကောင်ရေ (၂၀၀၀)ခန့်သာရှိတော့တယ်လို့ မြိုင်ဟေဝန်ဆင်စခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ဒီသတင်းကို တင်ဝင်းနိုင်(တိုက်ကြီး)ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
နယ်ကျော်တောဆင်ရိုင်း အဖျောက်မြို့နယ်အစပ်တွင် ဖမ်းဆီးရမိ နယ်ကျော်တောဆင်ရိုင်း အဖျောက်မြို့နယ်အစပ်တွင် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:44 Rating: 5
Powered by Blogger.