မောင်တောခရိုင်တွင် ကျေးရွာသားများ ပြောင်းရွှေ့လာသူများပြားလာသဖြင့် ဒုက္ခသည်စခန်း ဖွင့်လှစ်ထားရှိ၍ နေရာချထားပေးလျက်ရှိကြောင်းသိရသည်။
ယင်းသို့ပြောင်းရွှေ့လာသူများမှာ မောင်တောမြို့နယ်အတွင်းရှိ အောင်ဇေယျ၊ အောင်မင်္ဂလာ၊ အောင်သာယာ၊ သုခမြိုင်၊ မောရဝတီ၊ ရွှေရင်အေး၊ ဖက်ဝပ်ချောင်း၊ ကိုင်းကြီး စသည့်ကျေးရွာများမှ စိုးရိမ်ပူပန်စိတ်များကြောင့် မောင်တောမြို့ပေါ်၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်များသို့ ရွှေ့ပြောင်းလာကြသူများရှိကြောင်း ရခိုင်အမျိုးသားပါတီ မောင်တောမြို့နယ်ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ဆိုသည်။
ဦးခင်မောင်သန်းက “ မောင်တောမြို့နဲ့ လက်လှမ်းမှီတဲ့ရွာတွေက အချို့အချို့ မြို့ပေါ်ကိုတက်လာ ကြတာတွေ့ရတယ်။ မနေ့ကရော၊ ဒီနေ့ရောလာကြတယ်။ တစ်ချို့က လုံခြုံရေးနဲ့ လိုက်လာတယ်။ တစ်ချို့က ကိုယ့်အစီအစဉ်နဲ့ကိုယ်လာကြတယ်။ လောလောစဉ်တော့ သူတို့ကို အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းမှာထားထားတယ်။ သူတို့စားရေးသောက်ရေးကိုတော့ တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ပေးနေတယ်”ဟု ပြောသည်။
ထိုကဲ့သို့ မောင်တောမြို့နယ်ကျေးရွာများမှာ ပြောင်းရွှေ့လာကြသူများမှာ မောင်တောမြို့ပေါ်တွင် လူဦးရေ ၁၀၀ ကျော်ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ယင်းအပြင် မောင်တောမြို့နယ်အတွင်းရှိ မောရဝတီ၊ အောင်ဗလ၊ အောင်ဇေယျ၊ အောင်မင်္ဂလာ၊ အောင်သာယာ၊ ဖားဝပ်ချောင်း စသည့်ကျေးရွာများမှ စိုးရိမ်စိတ်များကြောင့် ဘူးသီးတောင်မြို့နယ်သို့ ပြောင်းရွှေ့လာကြသူ ၂၀၀ ကျော်ရှိကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောသည်။
ဦးထွန်းအောင်သိန်းက “မောင်တောမြို့နယ် ကျေးရွာတွေက ဘူးသီးတောင်ကို ပြောင်းရွှေ့လာတာ လူဦးရေ ၂၀၈ ယောက်ရှိတယ်။ အခုတော့ ဘူးသီးတောင် ဓမ္မာရုံမှာထားထားတယ်။ လောလောစဉ် သူတို့ စားရေးသောက်ရေးအတွက် အကုန် ဝိုင်းဝန်း ကူညီပေးနေကြတယ်” ဟု ပြောသည်။
ယင်းသို့ မောင်တောကျေးရွာများမှ စိုးရိမ်စိတ်များကြောင့် ရွှေ့ပြောင်းလာကြသူများအတွက် စားဝတ်ေနရေး အခက်အခဲများစွာရှိနေကြောင်းလည်းသိရသည်။
ဓာတ်ပုံ - Khine Zaw
By - နေဝင်းစံ
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
မောင်တောခရိုင်တွင် ကျေးရွာသားများ ပြောင်းရွှေ့လာသူများပြားလာသဖြင့် ဒုက္ခသည်စခန်း ဖွင့်လှစ်ထားရှိ
Reviewed by THITHTOOLWIN
on
20:17
Rating:
