တနင်္သာရီရိုးရာ နဂါးလှေ အလှပြ လှော်ခတ်ပွဲနှင့် ပြိုင်ပွဲ ကျင်းပပြုလုပ်


တနင်္သာရီမြို့နယ်၏ ရှေးဟောင်း ရိုးရာ အမွေအနှစ် တစ်ခုဖြစ်သော နဂါးလှေလှော်ခတ်ပွဲနှင့် ပြိုင်ပွဲအား ရိုးရာ နဂါးလှေတော် (၆) စီးဖြင့် အောက်တိုဘာလ (၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့နယ်က ရွှေနန်းသာရီနဲ့ ငွေနန်းသာရီ နဂါးလှေ (၂) စင်း၊ လယ်သစ်ကျေးရွှာ မြကြီးအောင်၊
ရန်ကြီးအောင်၊ ပတ္တမြားသွယ်နှင့် စိန်ပန်းသွယ်နဂါးလှေ (၄) စင်း စုစုပေါင်း (၆) စင်းမှ လှေတော်သား (၂၁၆) ဦးပါဝင်ခဲ့ကြောင်း သိရသည်။

ရိုးရာ နဂါးလှေလှော်ပွဲကို နဂါးလှေတော် (၆) စီးဖြင့် ချောင်းကြီးကျောင်းတိုက် အသက်တော်ရှည် ဆရာတော်၏ သြဝါဒကို ခံယူလျှက် တနင်္သာရီမြို့နယ် ချောင်းကြီး၊ ချောင်းငယ် မြစ်နှစ်သွယ် အတွင်း နှစ်စဉ် ကျင်းပ ခဲ့သည်။

နဂါးလှေလှော်ပွဲများကို ရဟန်းခံ၊ ရှင်ပြု အလှုတော်မင်္ဂလာများ၊ ဘာသာရေး ဆိုင်ရာ ပွဲတော်များ၊ နေ့ကြီးရက်ကြီး အထိမ်းအမှတ်ပွဲများ၊ နိုင်ငံတော် အကြီးအကဲများအား ဂါရ၀ပြုပွဲ များတွင် လှော်ခတ်ခြင်း ပြုလုပ်ကြသည်။

နဂါးလှေပြိုင်ပွဲများအား တနင်္သာရီမြို့နယ်တွင် သားစဉ်မြေးဆက် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်း လာခဲ့ရာ (၈၆၃)နှစ်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။


ယင်း တနင်္သာရီ ရိုးရာ နဂါးလှေတော် အလှပြ လှော်ခတ် ပူဇော်ပွဲသည် ချောင်းကြီး ကျောင်းတိုက် မဟာ ဘုံကထိန် အထိမ်းအမှတ် အဖြစ် ရှေးခေတ်၏ ဖွဲ့စည်းပုံ အတိုင်း နဂါးလှေတော် အလှပြ လှော်ခတ် ပူဇော်ခြင်းနှင့် ဧဇာယဉ်ကျေးမှု အမွေအနှစ် များကို နှစ်စဉ် ဖော်ထုတ် ပြသခဲ့သည်။

ယင်းသို့ နဂါးလှေတော် လှော်ခတ်ရာတွင် နဂါးလှေဦး၌ ထိုင်သော မင်္ဂလာ ဦးပေါက်သည် လှော်တော် တစ်ခုလုံး၏ ဦးစီး ပဓာနဖြစ်ပြီး မင်္ဂလာ ဦးပေါက် ဆရာ၏ လှော်ချက်နှင့်အညီ ဧဇာ လှေတော် တေးကဗျာကို လက်တန်းစပ် ဆို၍ နဂါးလှေထဲတွင် ပါဝင်သည့်ဗုံ၊ မောင်း၊ နှဲ၊ စည်းဝါး တီးသူတို့ ကလည်း တစ်ပြိုင်နက် ဧဇာ အလိုက် တီးမှုတ်ကာ စာပေဂီတ ကဗျာကို ဖော်ကျူး သရုပ်ပြခြင်း ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news
တနင်္သာရီရိုးရာ နဂါးလှေ အလှပြ လှော်ခတ်ပွဲနှင့် ပြိုင်ပွဲ ကျင်းပပြုလုပ်  တနင်္သာရီရိုးရာ နဂါးလှေ အလှပြ လှော်ခတ်ပွဲနှင့် ပြိုင်ပွဲ ကျင်းပပြုလုပ် Reviewed by THITHTOOLWIN on 04:46 Rating: 5
Powered by Blogger.