အစ္စလမ်ဘာသာဝင်အဖွဲ့တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကန့်ကွက်

မြန်မာမွတ်စလင် အရပ်ဖက်လူမှု အဖွဲ့အစည်းက ထုတ်ပြန်ထားတဲ့ ကြေညာချက်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာ နယ်ခြားစောင့်ရဲကင်း ၃ခု အကြမ်းဖက်တိုက်ခိုက် ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာမွတ်စလင် အရပ်ဖက်လူမှု အဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း စုပေါင်း ပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်သမားတွေရဲ့ လုပ်ဆောင်ချက်ဟာ နိုင်ငံသားတွေအပေါ် အေးချမ်းမှုပျက်ပြားစေပြီး စိုးရိမ် မှုတွေ ဖြစ်ပေါ်စေတဲ့အတွက် ရှုတ်ချတာဖြစ်တယ် လို့ ကြေညာချက်ထုတ်ပြန်ရာမှာပါဝင်တဲ့ Social Alliance (လူမှုမဟာမိတ်)အဖွဲ့က မဒါလီမြင့်က ပြောပါတယ်။

" ကျွန်မတို့က ဘာသာဝင်ဆိုတာကို အဓိကမထားပါဘူး အကြမ်းဖက်သူတွေက အကြမ်းဖက်သူ တွေပါပဲ၊ အကြမ်းဖက်သူတွေရဲ့ လုပ်ဆောင်ချက်က ကျွန်မတို့ မြန်မာနိုင်ငံထဲမှာရှိတဲ့သူတွေအားလုံးရဲ့ အေးချမ်းမှုနဲ့ စိုးရိမ်မှုကိုဖြစ်ပေါ်စေတယ်၊ အေးချမ်းမှုကိုလည်းပျက်ပြားစေတယ်၊ အဲ့ဒါတွေကိုအဖြစ် မခံနိုင်ပါဘူး၊ အဲ့ဒါကြောင့် ရှုတ်ချတဲ့အနေနဲ့ စာထုတ်လိုက်တာပါ"

အကြမ်းဖက်မှုမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးသွားခဲ့ရတဲ့အပေါ် ထပ်တူဝမ်း နည်းကြောင်းနဲ့ မြန်မာမွတ်စလင် အရပ်ဖက်အဖွဲ့ အစည်းတွေအနေနဲ့ နိုင်ငံတော်အစိုးရ၊ ပြည်သူတွေနဲ့ တစ်သား တည်းရပ်တည်ကြောင်း ကြေညာချက်မှာ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ မနက်က မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာရှိတဲ့ ရဲကင်း ၃ ခုကို အကြမ်းဖက်သမားတွေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့သလို လက်နက်နဲ့ ကျည်တွေ ပါသွားခဲ့ပါတယ်။

အကြမ်းဖက်သမားတွေ ရှိနေနိုင်တဲ့ မောင်တောမြို့နယ်က ကျေးရွာတွေကို အစိုးရစစ်တပ်က ရှာဖွေနေပြီး နှစ်ဖက် ပစ်ခတ်မှုတွေဖြစ်ပေါ်နေပါတယ်။

RFA Burmese
http://www.rfa.org/burmese
အစ္စလမ်ဘာသာဝင်အဖွဲ့တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကန့်ကွက် အစ္စလမ်ဘာသာဝင်အဖွဲ့တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကန့်ကွက် Reviewed by THITHTOOLWIN on 18:55 Rating: 5
Powered by Blogger.