လူသတ်၍ ပီနံအိတ်ထဲထည့်ကာ အလောင်းဖျောက်ဖျက်မှုပြုလုပ်သည်ဟု ယူဆရသူအား ဖမ်းဆီးရမိ

လူသတ်၍ ပီနံအိတ်ထဲထည့်ကာ အလောင်းဖျောက်ဖျက်မှုပြုလုပ်သည်ဟု ယူဆရသူအား ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှ ၂၄ နာရီအတွင်း ဖမ်းဆီးရမိ
(ပုသိမ်) အောက်တိုဘာလ ၃၀ ရက်၊

လူသတ်၍ ပီနံအိတ်ထဲထည့်ကာ အလောင်းဖျောက်ဖျက်ခဲ့သည့်အမှုမှ တရားခံဆိုသူအား ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပုသိမ်မြို့နယ်၊ သလပ်ခွာကျေးရွာတွင် တံငါလုပ်ငန်း လုပ်ကိုင်သူ ဦးသိန်းလွင်မှ သလပ်ခွာချောင်း အတွင်း ငါးဖမ်းနေစဉ် ချောင်းထဲတွင်မျောနေသည့် မသင်္ကာဖွယ်ရာ ပီနံအိတ်ထုပ်တစ်ထုပ် တွေ့ရှိရသည့် အတွက် သလပ်ခွာနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့် သလပ်ခွာရဲစခန်းမှ သက်သေများအတူ လိုက်လံရှာဖွေရာ လွှစင်ကုန်းချောင်းအတွင်းရှိ ငုပင်တွင်ချိတ်နေသည့် ၂ တင်းဝင် ပီနံအိတ် ၂ လုံးအား ဦးခေါင်းနှင့် ခြေထောက်တွင် စွပ်ထားပြီး ပူလီကြိုးအဟောင်းဖြင့် ခါးလည်မှပတ်ချည်ထားသောအလောင်း တလောင်းကို ရဲတပ်ဖွဲ့မှ အောက်တိုဘာလ (၂၉)ရက်နေ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုအား ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ သေဆုံးသူမှာ ဦးကြီးနန်း (ခေါ်) ဦးခင်ထွေး (အသက် ၄၉ နှစ်) ဖြစ်ပြီး သလပ်ခွာကျေးရွာနှင့် ၃ မိုင်အကွာ လယ်ကွင်းထဲတွင် စာရင်းငှားလုပ်ကိုင်သူ ဖြစ်ကြောင်းပေါ်ပေါက်ပြီး လူသတ်တရားခံအား စုံစမ်းဖော်ထုတ်ခဲ့ရာ လူသတ်တရားခံအဖြစ် သံသယရှိသူ စောလွယ်လှထူး (၂၅ နှစ်) ကို ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

“သေဆုံးသူ ဦးကြီးနန်းက ဖိုးထူး (လူသတ်တရားခံ) ရဲ့ မိန်းမကို ခိုးပြေးမယ်လို့ ပြောတယ်။ အဲဒါနဲ့ သူ့မိန်းမက သူ့ယောက်ျား ဖိုးထူးကို ပြန်ပြောပြတော့ ဖိုးထူးက စိတ်ဆိုးပြီး သတ်လိုက်တာလို့ စစ်ဆေးပေါ်ပေါက်ပါတယ်။ တရားခံကိုတော့ ဖမ်းဆီးထားပါပြီ။ ဒီအမှုကို အလောင်းတွေ့ရှိရပြီး ၂၄ နာရီအတွင်း ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်”ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သောင်းကြည်က ပြောသည်။

သေဆုံးသူ ဦးကြီးနန်း (ခေါ်) ဦးခင်ထွေး၏ အလောင်းတွင် ဦးခေါင်းဝဲဘက်ချိုစောင်းတွင် ၄ လက်မခန့် ပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ၀ဲဘက်ဂုတ်ပိုး ပြတ်ရှဒဏ်ရာ ၁ ချက်နှင့် နောက်ဘက် ဂုတ်ပိုး ၁ လက်မန့် ပြတ်ရှဒဏ်ရာ စသဖြင့် ဒဏ်ရာ ၄ ချက်တွေ့ရှိရကြောင်း စစ်ဆေးပေါ်ပေါက်ချက်များအရ သိရသည်။

သေဆုံးသူ ဦးကြီးနန်း (ခ) ဦးခင်ထွေး၏ ညီဝမ်းကွဲတော်စပ်သူ ဦးစိုးဝင်းမှ တရားလိုပြုလုပ် တိုင်ကြားခဲ့ရာ သလပ်ခွာရဲစခန်းက ပ - ၅၈/၂၀၁၆၊ ရာဇ၀တ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၂၀၁ (အလောင်း ဖျောက်ဖျက်မှု) တို့ဖြင့် အမှုဖွင့်ထားသည့်အတွက် လူသတ်တရားခံဟု ယူဆရသူ စောလွယ်ဖိုးထူးကို ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - The Ayeyarwaddy Times
Ayeyarwaddy Times
https://www.facebook.com/ayetimes
လူသတ်၍ ပီနံအိတ်ထဲထည့်ကာ အလောင်းဖျောက်ဖျက်မှုပြုလုပ်သည်ဟု ယူဆရသူအား ဖမ်းဆီးရမိ  လူသတ်၍ ပီနံအိတ်ထဲထည့်ကာ အလောင်းဖျောက်ဖျက်မှုပြုလုပ်သည်ဟု ယူဆရသူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.