မောင်တောအကြမ်းဖက်အဖွဲ့ခေါင်းဆောင်မှာ ပါကစ္စတန် တာလီဘန်သင်တန်းဆင်းသူဖြစ်

မောင်တောခရိုင်အတွင်း နယ်မြေရှင်းလင်းလျက်ရှိသော တပ်မတော် စစ်ကြောင်းကို တွေ့ရစဉ်။ Photo- Ye Moe
ရန်ကုန် ၊ အောက်တိုဘာ ၁၄

မောင်တောအကြမ်းဖက်အဖွဲ့ကိုဦးဆောင်သူမှာ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်တစ်ဦးဖြစ်သည့် ဟာဗစ်တာဟာရ်ဖြစ်ပြီး ၎င်းသည် ပါကစ္စတန် နိုင်ငံရှိ တာလီဘန်များထံ ၆ လ သင်တန်းတက်ရောက်ဖူးသူဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။

အောက်တိုဘာလ ၁၄ ရက်နေ့ ည(ယခုအချိန်) တွင် ထုတ်ပြန်လိုက်သည့် နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်တွင် မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဦးဆောင်ပါဝင်သူများနှင့် ပတ်သက်ပြီး ယင်းသို့ ဖော်ပြထားသည်။

ထို့ပြင်မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်သည် RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ် သော မောင်တောဒေသတွင် လှုပ်ရှားသည့် Aqa Mul Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့၏ ဆောင်ရွက်ချက်ဖြစ်သည်ဟု စစ်ဆေးဖော်ထုတ်ရရှိခဲ့ပါကြောင်းဖော်ပြထားသည်။

ယင်းဖြစ်စဉ်တွင် အကြမ်းဖက်အဖွဲ့သည် အရှေ့အလယ်ပိုင်းနိုင်ငံအချို့ရှိ အစွန်းရောက်ပုဂ္ဂိုလ်များ၏ ငွေကြေးပံ့ပိုးမှု အလုံးအရင်းရယူခဲ့ခြင်းဖြစ်သည်ဟု ဖော်ထုတ်နိုင်ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

အလားတူ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဟာဗစ်တူဟာရ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်အနီးရှိ ကျေးရွာတစ်ရွာ တွင်လည်း သွားရောက် နေထိုင်လေ့ရှိပြီး ဒုက္ခသည်အမည်ခံ၍ အရှေ့အလယ်ပိုင်း နိုင်ငံများရှိ အဖွဲ့အစည်းများထံမှ ငွေကြေး ထောက်ပံ့မှုများ ရယူလျက်ရှိကြောင်းဖော်ပြထားသည်။

၎င်းနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသူများမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနေ ငါးခူရကျေးရွာတွင် ရောက်ရှိနေသော ပါကစ္စတန်နိုင်ငံသား ခါလစ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတာပါလောင် ဒုက္ခသည် စခန်းတွင်နေထိုင်သော အီဗရာဟိန်း၊ အဇာ၊ အာရပ်တူလာ၊ နီလာဒုက္ခသည် စခန်းတွင် နေထိုင်သော ဇူဘိုင်၊ အစ္စလာမ်ဆိုသူအပါအဝင်(၁၂)ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ အကြမ်းဖက်အဖွဲ့ဝင် ခါလစ်သည် ပါကစ္စတန် နိုင်ငံတွင် အကြမ်းဖက် သင်တန်း တက်ရောက်ထားသူ တစ်ဦးဖြစ်ပြီး မြန်မာ၊ ဘင်္ဂလီ၊ ရခိုင်၊ မလေး၊ ပါကစ္စတန်နှင့် အင်္ဂလိပ်ဘာသာ စကားများ ကျွမ်းကျင်စွာပြောဆိုနိုင်ကြောင်း၊ ၎င်းတို့သည် လွန်ခဲ့သော (၅) လခန့်မှစ၍ ဟာဗစ်တူဟာရ်၏ အစီအစဉ်ဖြင့် မောင်တောဒေသသို့ ဝင်ရောက်လာပြီး ဟာဗစ် တူဟာရ် စည်းရုံး ထားသော ဒေသနေအစွန်းရောက်လူငယ်များကို အကြမ်းဖက် သင်တန်းများ ပေးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်ရရှိပါကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် ၎င်းဒေသတွင် အများစုရောက်ရှိနေထိုင် လျက်ရှိသော အစ္စလာမ်ဘာသာဝင်များအတွင်း အစွန်းရောက်အကြမ်းဖက်ဝါဒ တိုးမြင့်လာစေရန် အချိန်ယူ၍ စည်းရုံးသိမ်းသွင်းဆောင်ရွက်ခဲ့ဖြင်းဖြစ်ပြီး ငွေကြေးများထောက်ပံ့ရာတွင် အဖွဲ့အစည်းအလိုက် ဆောင်ရွက်ခြင်းမပြုဘဲ လူပုဂ္ဂိုလ်တစ်ဦးချင်းဆက်သွယ်မှုဖြင့် လျို့ဝှက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ထုတ်ရရှိခဲ့ပါကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

Written by ဆုမင်းကို
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
မောင်တောအကြမ်းဖက်အဖွဲ့ခေါင်းဆောင်မှာ ပါကစ္စတန် တာလီဘန်သင်တန်းဆင်းသူဖြစ် မောင်တောအကြမ်းဖက်အဖွဲ့ခေါင်းဆောင်မှာ ပါကစ္စတန် တာလီဘန်သင်တန်းဆင်းသူဖြစ် Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.