အကြောင်းတရားကို အရင်သတ်ကြပါ


ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ပေါ်ခဲ့တဲ့ ရန်ကုန်အင်းဝစက်ချုပ်ဆိုင်က အိမ်အကူကောင်မလေးနှစ်ယောက်ကို ၅ နှစ်ကျော်ကြာ မတရားညှဉ်းပန်း နှိပ်စက်ပြီး ကျွန်ပြုခိုင်းစေခဲ့မှုသတင်းက ပြည်သူတွေကြားအုတ်အော် သောင်းတင်း ဖြစ်ခဲ့ပါတယ်။ ကော့မှူးဒေသမှ အိမ်ဖော်မိန်းကလေးနှစ်ယောက်ကို နှစ်နဲ့ချီပြီး လစာအပြည့်အ၀မပေးဘဲ ကျွန်ပြုခိုင်းစေထားတယ်။ လက်ချောင်းတွေ သုံးစားမရအောင် ရိုက်ချိုးခဲ့တယ်။ တကိုယ်လုံး ကို သေရာပါ ဒဏ်ရာတွေရအောင် ဓား၊ ကတ်ကြေးတွေနဲ့ အမွှန်းခံရတယ်။ မီးနဲ့အရှို့ခံရတယ်။ နှာခေါင်းကို ဓားနဲ့အလှီးခံရတယ်။ ဒီသတင်းဟာ မြန်မာလူမှုအဖွဲ့အစည်းတခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပါတယ်။

ယခုဖြစ်စဉ်မှာ အဓိကတာဝန်ကျေသူတွေကတော့ မီဒီယာနဲ့ ပြည်သူပါပဲ။ ဒီကလေးနှစ်ယောက်ကို အဓိက ကယ်ဆယ်ပေးခဲ့သော မတရားမှုကိုဖော်ထုတ်ပေးခဲ့သော Myanmar Now မှ ကိုဆွေဝင်းကိုလည်း သမ္မတကိုယ်တိုင် ချီးမြှောက်ခဲ့ပြီး ကျန်အဖွဲ့အစည်းအသီးသီး မှလည်း ၀ိုင်းဝန်းချီးမြှောက်ခဲ့ပါတယ်။“'သွားမပါနဲ့ အမှုပတ်လိမ့်မယ်'' ''ဓားခုတ်ရာ လက်ဝင်မလှျိုနဲ့''ဆိုပြီး ရှောင်သွားတတ်တဲ့ ယနေ့လူမှုအဖွဲ့အစည်းကို ကိုဆွေဝင်းက အလင်းပြပေးသွားနိုင်ခဲ့ပါတယ်။ပြည်သူတွေနဲ့ မီဒီယာရဲ့ လက်တွဲညီညာမှုကြောင့် ယခုအခါမှာ အင်းဝစက်ချုပ်ဆိုင်မှ အဓိကတရားခံ ၆ ဦးထဲမှ ၅ ဦးကို ဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့ပြီ။ တာဝန်ပေါ့လျော့ခဲ့သော ရဲဝန်ထမ်းများနဲ့ လူ့အခွင့်အရေး ကော်မရှင်က တာဝန်ရှိသူတွေကိုလည်း ထိရောက်စွာအရေးယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။ အားလုံးတာဝန်ကျေခဲ့တယ်လို့ ပြောရမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီမှာတင်ရပ်နေလို့ မရပါဘူး။ ဒီလိုလူမဆန်တဲ့ ဖြစ်ရပ်ဆိုးတွေကို ထပ်မံမပေါ်ပေါက်ဖို့ ဆက်လက်တိုက်ပွဲဝင်ရမှာပါ။

ဒီလိုအဖြစ်ဆိုးတွေထပ်မံမပေါ်ပေါက်ဖို့က အဓိကကျတဲ့ အကြောင်းတရားကိုသတ်ကြရပါမယ်။ အဓိက အကြောင်းတရားကိုမသတ်ဘဲ အကျိုး တရားပဲသတ်နေလို့ကတော့ ဆုံးတော့မှာ မဟုတ်ပါဘူး။ မြားနောက်ကို မလိုက်ဘဲ မြားပစ်သူနောက်ကိုလိုက်မှသာ နောက်ထပ်မြားတွေရောက် မလာမှာဘဲ ဖြစ်ပါတယ်။ ခုဆို ဒီလိုမျိုးအိမ်အကူကလေးငယ်တွေကို ကျွန်ပြုညှဉ်းပန်းနှိပ်စက်မှု ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေ ပါတယ်။ ဒီဖြစ်စဉ်တွေဖြစ်ပေါ်ရတဲ့ အဓိကအကြောင်းတရားတွေကတော့ ကျွန်တော်တို့တိုင်းပြည်မှာ-

၁။ တရားဥပဒေစိုးမိုးမှုမရှိတာ
၂။ အဂတိလိုက်စားမှုကြီးထွားနေတာ
၃။ ဆင်းရဲမွဲတေမှုမြင့်မားနေတာတို့ကြောင့်ပဲ ဖြစ်ပါတယ်။

ဒီအချက်တွေကိုမဖြေရှင်းနိုင်သရွေ့အခုလိုအဖြစ်ဆိုးတွေ ဆက်လက် ကြုံတွေ့နေရမှာပဲ ဖြစ်ပါတယ်။ယခုအင်းဝစက်ချုပ်ဆိုင်အမှုဖြစ်ပြီးတော့တောင် ကလေးငယ်ကိုမွေးစားမယ်ဆိုပြီး ကျွန်ပြုနှိပ်စက်မှုအမှုတခုပေါ်ခဲ့ပါသေးတယ်။ ဒီဖြစ်စဉ်မှာလည်း ပြည်သူတွေရဲ့ ဖော်ထုတ်မှုကြောင့် ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဖော်ထုတ်ပေးနိုင်တာက မရှိသလောက်ပါဘဲ။ခုချိန်အထိ အိမ်အကူတွေကိုနှိပ်စက်တဲ့အမှုတွေဖြစ်တဲ့ ၂၀၁၃ မှာ ဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်း ဒုမြို့နယ်တရားသူကြီးဇနီးအမှု၊ ဗဟန်း ဆရာစံ ရပ်ကွက်က ဗိုလ်မှူးကျော်နုမော် ဇနီးအမှု၊ ပန်ဒိုရာအဆီချလုပ်ငန်းက အမှု၊ တောင်ဒဂုံမြို့နယ်က ကလေးငယ်အမှု နောက်မမှတ်မိတာတွေရှိ ပါသေးတယ်။ ဒီအမှုတွေကို ယနေ့ထိ ထိရောက်စွာ အရေးမယူနိုင်သေးဘူး။ ဘာကြောင့်ထိရောက်စွာ အရေးမယူတာလဲ။ တရားဥပေဒေအထက် မှာ ဘယ်သူတွေရှိနေလို့လဲ။ ပဲခူးတိုင်းက တရားသူကြီးအိမ်က အမှုဆိုရင် ၃ နှစ်တောင်ရှိပြီ။ ဘာမှမဖြစ်ခဲ့ဘူး။ အစိုးရအနေနဲ့ ဒီလောက် မတရားမှုကြီးကို ဘာလို့လျစ်လျူရှုထားရတာလဲ။

မန္တလေးမြို့က ပန်ဒိုရာအဆီချလုပ်ငန်းက အနှိပ်စက်ခံရတဲ့ ကလေးမလေးတွေအမှုဆိုရင်လည်း တနှစ်ကျော်ချိန်ထိ ထိရောက်စွာ အရေးမယူနိုင်သေးဘူး။ ပန်ဒိုရာအမှုဆိုရင် အိမ်အကူကောင်မလေးကို ခွေးလှောင်အိမ်ထဲ လပေါင်းများစွာထည့်ပြီး နှိပ်စက်တယ်။ ခွေးစာပဲ ကျွေးတယ်။ ပါးတွေအရိုက်ခံရလွန်းလို့ နားစည်ကွဲပြီး နားတဖက်က လုံးဝကန်းသွားခဲ့ပါတယ်။ ပန်ဒိုရာမှာ ဒီလိုခံရတဲ့ မိန်းကလေးတွေက အများကြီးပါ။ ဒီလောက်ရက်စက်ယုတ်မာတဲ့ ပြစ်မှုကြီးကို ကျူးလွန်တဲ့ တရားခံတွေကိုတောင် ဖမ်းဆီးခြင်းမရှိဘဲ အပြင်ကနေ အမှုရင်ဆိုင်ခွင့်ရနေတာ တော်တော်လေး ရုပ်ဆိုးအားကြီးလွန်းလှပါတယ်။ ဘာကြောင့် ဒီလိုရနေရတာ လဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဥပဒေက ရန်ကုန်တမျိုး ပဲခူးတမျိုး၊ မန္တလေးတမျိုးလား။ အစိုးရအနေနဲ့လည်း ဒီအင်းဝစက်ချုပ် ဆိုင်အမှုလိုပဲ အခြားအမှုတွေကို တရားမျှတမှုရှိအောင် ဆောင်ရွက်ပေး စေလိုပါတယ်။ဒီလိုမျိုးတရားဥပဒေရဲ့ ထိရောက်စွာအရေးယူနိုင်မှုမရှိမှုတွေကြောင့် ဒီလိုမျိုးဖြစ်စဉ်တွေက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။ ယနေ့အထိ အသက်မပြည့်သေးတဲ့ကလေးငယ်တွေကို အလုပ်စေခိုင်းမှုနဲ့ပတ်သက်ပြီးလည်း ထိရောက်စွာမထားဆီးနိုင်သေးပါဘူး။

နိုင်ငံတ၀န်းမှာ ဒီလိုအရွယ်မရောက်ကလေးငယ်တွေ အဓမ္မစေခိုင်းမှုတွေ ဘယ်လောက်တောင်များရှိနေသလဲဆိုတာ ယခုဖြစ်စဉ်တွေကိုကြည့် သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ နောက်ထပ်မပေါ်လာသေးတဲ့ ယခုလိုမျိုးဖြစ်စဉ်တွေ အများကြီးရှိနိုင်ပါတယ်။ သက်ဆိုင်ရာဌာနတွေအနေနဲ့ ဖော်ထုတ်စစ်ဆေးမှုတွေလုပ်ဆောင်သင့်ပါတယ်။ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအတွက် ထိရောက်တဲ့ ဥပဒေပြဋ္ဌာန်းပြီး အစိုးရအနေနဲ့ ကာကွယ်မှုပေးသင့်ပါပြီ။ယနေ့တိုင်းပြည်မှာ လူငယ်လူရွယ်အများစုဟာ ဆင်းရဲမွဲတေမှု လယ်ယာလုပ်ငန်းတွေ မကောင်းမွန်မှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် တိုင်းတပါးထွက် အလုပ်လုပ်နေကြရတယ်။ ထိုသို့ထွက်လုပ်တော့လည်း တိုင်းတပါးသားတွေရဲ့ အနိုင်ကျင့်စော်ကားခံရတယ်။ ကျွန်ပြုခံနေကြရတယ်။ ဒီအတွက် အစိုးရက ကိုယ့်နိုင်ငံသားတွေကို အကာအကွယ်မပေးနိုင်ဘူး။ ကိုယ့်နိုင်ငံကထွက်ရှိတဲ့ သဘာဝသယံဇာတတွေနဲ့ ချမ်းသာနေတဲ့ အိမ်နီးချင်းတိုင်းပြည်တွေမှာ ကျွန်တော်တို့ ပြည်သူတွေဟာ သူတို့မလုပ်ချင်တဲ့ အလုပ်ကြမ်းတွေသွားလုပ်ပြီး သူတို့တွေရဲ့ အစော်ကား အနိုင်ကျင့်ခံနေရတာတွေဟာ တွေးကြည့်ရင် ရင်နာဖို့ကောင်းလှပါတယ်။

သူများနိုင်ငံသွားမလုပ်ချင်လို့ ကိုယ့်နိုင်ငံမှာလုပ်တော့လည်း အလုပ်သမားအခွင့်ရေးဆိုတာ ဘာမျှမရှိ။ ဥပဒေကာကွယ်ပေးမှုဆိုတာလည်းမရှိနဲ့ ပြည်သူတွေဟာ အမိမဲ့သားတွေလို ဖြစ်ရရှာပါတယ်။ ခရိုနီသူဌေးတွေက ခေါင်းပုံဖြတ် အမြတ်ထုတ်ကြ၊ အနိုင်ကျင့်ညှဉ်းပန်းနှိပ်စက်ကြ၊ တိုင်းတပါးကလာလုပ်တဲ့ လုပ်ငန်းတွေမှာလည်း တိုင်းတပါးသားတွေရဲ့ အနိုင်ကျင့်ခံနေကြရနဲ့ ပြည်သူတွေခမျာမှာ တကယ့်ကိုသနားစဖွယ် ဖြစ်နေရရှာပါတယ်။ ယခုဆိုရင် ပြည်သူတွေဟာ စားဝတ်နေရေးကျပ်တည်းနေရတဲ့ ကြားထဲ တရားဥပဒေမစိုးမိုးတဲ့ဒဏ်ကိုပါ ခံနေကြရပါတယ်။ လူသတ်မှုတွေ၊ အနုကြမ်းစီးမှုတွေ၊ မုဒိမ်းမှုတွေ၊ လုယက်မှုတွေက နေ့စဉ်ဆိုသလို ဖြစ်နေကြပါတယ်။ ရန်ကုန်မြို့မှာဆိုရင် ဘာမဟုတ်တဲ့ လိုင်းကားသမားတွေရဲ့ ထင်ရာစိုင်းရမ်းကားနေမှုကိုတောင် နိုင်အောင်မထိန်းချုပ်နိုင်တာ အတော်ကို စိတ်ပျက်ဖွယ်ပါပဲ။ ဒီလိုမထိန်းချုပ်နိုင်မှုတွေကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ကို ရာဇ၀တ်မှုတွေက အရမ်းထူပြောလာတာတွေ့ရပါတယ်။ ကျွန်တော်ရဲ့အိမ်ကိုပင် ၂၆ - ၉- ၁၆ ရက်က ဖောက်ထွင်းခံခဲ့ရပါတယ်။ နေ့ခင်းကြီးကို အတင့်ရဲစွာဖောက်ထွင်းတာပါ။ ဘေးပတ်ဝန်းကျင်က သိသွားလို့ ဘာမှမပါသွားခဲ့ပါဘူး။ ဘေးအိမ်တွေကလိုက်ဖမ်းတဲ့အခါ ဓားနဲ့ပြန်လည်ရန်ပြုပြီး ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ဒီလောက်အထိကို အတင့်ရဲနေကြပါပြီ။ ခုဆိုရင် ကျွန်တော်တို့နိုင်ငံက လူသတ်ရမှာကိုပင် မခဲယဉ်းသလိုဖြစ်နေပါပြီ။ ဘာလို့ အဲဒီလိုဖြစ်ရသလဲဆိုတော့ အဓိက ကတရားခံတွေကို ထိရောက်စွာပြစ်ဒဏ်မပေးနိုင်လို့ပါဘဲ။

မိမိဝန်ထမ်းကို ရက်စက်စွာသတ်ခဲ့တဲ့ သရုပ်ဆောင်မင်းအုပ်စိုးကို တသက်တကျွန်းပြစ်ဒဏ်ကနေ ၁၀ နှစ်သို့လျှော့ပေးခဲ့တယ်။ မိန်းကလေး ငယ်တဦးကို ခိုးယူပေါင်းသင်းပြီး သံကြိုးနဲ့ခတ် ညှဉ်းပန်းနှိပ်စက်တဲ့အမှုကို တောင် ထောင်ဒဏ် ၂ နှစ်ပဲချမှတ်ခဲ့တယ်ဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုက အတော်ကို စိတ်ပျက်ဖွယ်ရာကောင်းနေပါပြီ။ အစိုးရသစ်လက်ထက် တရားဥပဒေစိုးမိုးမှုက မေးခွန်းထုတ်စရာဖြစ်နေ ပါတယ်။ ပြည်သူတွေမှာ အိမ်ထဲနေတော့လည်းမလုံခြုံ အပြင်ထွက်တော့လည်း မလုံခြုံနဲ့ စိုးရိမ်ကြောင့်ကြစွာနဲ့ နေထိုင်နေကြရပါတယ်။

ဒါကြောင့် အစိုးရသစ်အနေနဲ့ ပြည်သူတွေကို ဘာမျှလုပ်မပေးနိုင်သေးတောင် ပြည်သူတွေရဲ့ လူနေမှုဘ၀လေးကိုတော့ လုံခြုံမှုရှိအောင် ဆောင်ရွက်ပေးသင့်ပါတယ်။ တိုင်းပြည်မှာ ယနေ့ဖြစ်ပေါ်နေတဲ့ ပြဿနာအားလုံးရဲ့ အဓိကအကြောင်းတရားတွေဖြစ်တဲ့ နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးနေတဲ့ တရားဥပဒေစိုးမိုးမှု၊ အဂတိလိုက်စားမှု၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးတို့ကို အရေးပေါ်ဆောင်ရွက်သင့်နေပါပြီလို့ ပြည်သူအားလုံး ကိုယ်စားတောင်းဆိုလိုက်ရပါတယ်။

ကျော်ကြီး (MDY)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အကြောင်းတရားကို အရင်သတ်ကြပါ  အကြောင်းတရားကို အရင်သတ်ကြပါ Reviewed by THITHTOOLWIN on 12:26 Rating: 5
Powered by Blogger.