ရင်းနှီးမြှပ်နှံမှုနည်းဥပဒေ လာမယ့် ဇန်နဝါရီလမှာ ထုတ်ပြန်မည်

(မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ကို အောက်တိုဘာလ ၂၆ ရက်နေ့ တွေ့ရစဉ်) Photo : Win Ko Ko Latt/RFA
မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုနည်းဥပဒေကို လာမယ့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ ထုတ်ပြန်သွားမယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်က Hilton ဟိုတယ်မှာ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုနည်းဥပဒေရေးဆွဲရေးကို ကမ္ဘာ့ဘဏ်အပါအဝင် စီးပွားရေးမိတ်ဖက်အဖွဲ့တွေနဲ့ ပထမဆုံးအကြိမ်ဆွေးနွေးအပြီးမှာ ဦးအောင်နိုင်ဦးက ပြောတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုနည်းဥပဒေမူကြမ်းကို ရေးဆွဲပြီးရင်ဖတ်ရှုနိုင်အောင် နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်သွင်းပြီး အကြံဥာဏ်တွေရယူသွားမယ်လို့လည်း ဦးအောင်နိုင်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံသားများရင်းနှီးမြှပ်နှံမှုဥပဒေနဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေတို့ကို ပေါင်းစပ်ရေးဆွဲထားတဲ့ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုဥပဒေကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီဥပဒေမှာ နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသားတွေကို တန်းတူအခွင့်အရေးပေးထားပေမယ့် ငွေကြေးနဲ့ နည်းပညာ၊ မြေယာငှားရမ်းတာတွေမှာ နိုင်ငံသားတွေကို ဦးစားပေးထားပါတယ်။

နိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါတဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေ၊ မတည်ငွေရင်းနှီး ကြီးမားတဲ့ လုပ်ငန်းတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံလူထုအပေါ်သက်ရောက်တဲ့ လုပ်ငန်းတွေကို အစိုးရအဖွဲ့အတည်ပြုချက်နဲ့သာ ဆုံးဖြတ်နိုင်တာလည်းဖြစ်ပါတယ်။

လုပ်ငန်းအလိုက် ရင်းနှီးမြုပ်နှံရမယ့် ကာလကို နှစ် ၃ဝ ကနေ နှစ် ၅ဝ အထိ ပြင်ဆင်သတ်မှတ်ထားပြီး ရင်းနှီးမြုပ်နှံမှုအချိုးကိုတော့ နည်းဥပဒေမှာထည့်သွင်းမယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရင်းနှီးမြှပ်နှံမှုနည်းဥပဒေ လာမယ့် ဇန်နဝါရီလမှာ ထုတ်ပြန်မည်  ရင်းနှီးမြှပ်နှံမှုနည်းဥပဒေ လာမယ့် ဇန်နဝါရီလမှာ ထုတ်ပြန်မည် Reviewed by THITHTOOLWIN on 16:44 Rating: 5
Powered by Blogger.