မိုင်းလားတပ်စခန်းကို ဝ တပ်ဖွဲ့ ဝင်သိမ်း

 ဝနဲ့ မိုင်းလား ခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံ
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားဒေသက NDAA အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် တပ်စခန်း ၂ ခုနဲ့ ဂိတ်တခုကို UWSA ဝ တပ်ဖွဲ့က စက်တင်ဘာလ ၂၈ ရက်က စပြီး ဝင်ရောက် သိမ်းပိုက် ထားတယ် လို့ သိရပါတယ်။

တပ် အင်အား ၆ဝဝ ၊ သံချပ်ကာကား ၅ စီးနဲ့ ဝ တွေ ဝင်လာတာလို့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာချုပ် ကို စိုင်းမိန်း က ပြောပါတယ်။

ဝတပ်ဖွဲ့က ထိန်းသိမ်း ထားတဲ့ မိုင်းလား တပ်ဖွဲ့ဝင် ၁၅၁ ဦးထဲက ၁၇ ဦးကိုပဲ ပြန်လွှတ်ပေးပြီး ကျန်တဲ့သူတွေကို ဆက်ထိန်းသိမ်း ထားကြောင်းနဲ့ ပြဿနာတွေ မဖြစ်အောင် ပြန်ဆုတ်ပေးဖို့ ဝတပ်တွေကို မိုင်းလားက တောင်းဆို ထား ပေမယ့် အထက် အမိန့်မရဘဲ ဆုတ်လို့ မရဘူး ဆိုပြီး ဝတပ်က ပြန်ကြား ထားကြောင်း ကို စိုင်းမိန်း က ပြောပါတယ်။

ရှမ်းပြည် အရှေ့ပိုင်းမှာ အခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ ရဖို့ မိုင်းလား အဖွဲ့က လိုလားနေပြီး ဝ အဖွဲ့က အရှေ့ပိုင်း တခုလုံးကို ဝ ပြည်နယ် အဖြစ် သတ်မှတ်ဖို့ ၂၁ ရာစု ပင်လုံ ညီလာခံမှာ တောင်းဆိုခဲ့ကြောင်း လည်း သူက ပြောပါတယ်။

၂ဝဝ၉ ခုနှစ်က အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ တောင်းဆိုစဉ်က ဝ နဲ့ မိုင်းလားတပ်တွေ အတူ တပ်စွဲခဲ့ကြပြီး နောက်ပိုင်း ဝ တပ်တွေကို မိုင်းလားက ပြန်ဆုတ်ခိုင်းပေမယ့် ခုထိ ပြန်ဆုတ် မပေးသေးဘူး လို့လည်း သိရပါတယ်။

မိုင်းလားအဖွဲ့က အစိုးရ ဖိတ်ကြားချက်တွေကို ခေါင်းဆောင် ကိုယ်တိုင် သွားရောက် တာတွေကိုလည်း ဝ ဘက်က အဆင့်နိမ့် ကိုယ်စားလှယ် တွေပဲ လွှတ်ဖို့ အကြံပေးပေမယ့် မိုင်းလားက လက်မခံဘူးလို့ သိရပါတယ်။

ဝနဲ့ မိုင်းလား ရင်းနှီးတဲ့ မဟာမိတ်တပ်တွေ ဖြစ်တဲ့အတွက် ဝ တပ်တွေ ဝင်လာတာကို မိုင်းလားက မတားဆီးနိုင်ဘဲ ခုလို ဝင်သိမ်းခံရတာ လို့လည်း ကို စိုင်းမိန်းက ပြောပါတယ်။

နှစ်ဘက် ညှိနှိုင်းမှုတွေ မပြေလည် သေးဘူးလို့လည်း သိရပါတယ်။

ကျိုင်းတုံ မိုင်းလား အသွားအလာတွေ ခုထိ ရပ်ဆိုင်းနေပြီး အစိုးရ တပ်ကလည်း အနားက တပ်စခန်းမှာ တပ်အင်အား ဖြည့်တင်းနေတယ် လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
မိုင်းလားတပ်စခန်းကို ဝ တပ်ဖွဲ့ ဝင်သိမ်း မိုင်းလားတပ်စခန်းကို ဝ တပ်ဖွဲ့ ဝင်သိမ်း Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.