မောင်တောနယ်စပ် ကျေးရွာများတွင် ဆရာ/မ ၇၀ ကျော် ပိတ်မိနေ


ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဆရာ/မ ၇၀ ကျော်မှာ လုံခြုံစိတ်ချရသည့် နေရာ များသို့သွားရောက်နိုင်ခြင်းမရှိဘဲ ဘင်္ဂါလီကျေးရွာများကြားတွင် ပိတ်မိနေကြောင်းသိရသည်။

အဆိုပါ ဆရာ/မများမှာ မောင်တောမြို့နယ်ရှိ ရန်အောင်ပြင်၊ တရိန်း၊ စံကားပင်ရင်း၊ ရွက်ညိုတောင်၊ ဝေလာတောင်၊ ခမောင်းဆိပ်၊ တမန်းသား၊ တောင်ပြို စသည့်ကျေးရွာများတွင် စုရပ်အဖြစ်ရောက်ရှိ နေကြပြီး မည်သည့်နေရာသို့မှ သွားရောက်နိုင်ခြင်းမရှိဘဲ ဘင်္ဂါလီကျေးရွာများကြားတွင် ပိတ်မိနေ ကြကြောင်း၊ လုံခြုံရေးမှာလည်း နည်းပါးသည့်အတွက် အခက်အခဲများစွာ ဖြစ်နေကြကြောင်း ကျောက်ပန်းဒူကျေးရွာမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းလှိုင်က ပြောသည်။

ဦးဝင်းလှိုင်က “ကျွန်တော်တို့က ဆရာ၊ ဆရာမတွေနဲ့အတူ ကျောက်ပန်းဒူရွာကနေ စခန်းတွေကို တစ်ခုခုတစ်ခုအကြောင်းကြားပြီးလာခဲ့တာ။ သူတို့ကတော့ မသွားဖို့ပြောပေမယ့် အဲဒီမှာ ဆရာ၊ ဆရာမတွေက မနေရဲကြတော့ဘူး။ အခု ကျွန်တော်တို့ စစ်တွေကိုရောက်နေကြပါပြီ။ ကျွန်တော်တို့ ရောက်လာပေမယ့် အခြားကျေးရွာတွေမှာ ကျန်သေးတဲ့ဆရာ၊ ဆရာမတွေလည်း စိုးရိမ်ပူပန်မှုတွေနဲ့ ရှိနေကြတယ်”ဟု ပြောသည်။


ယင်းဆရာ၊ ဆရာမများမှာ ကားလမ်းပိတ်ဆို့မှုများရှိသည့်အတွက် မောင်တောမြို့ပေါ်သို့ပင်သွား၍ မရနိုင်သေးကြောင်း၊ ညဥ့်တွင်လည်းမအိပ်ရဲဘဲ နေရသည်မှာလည်း ၃ ရက်ရှိပြီဖြစ်ကြောင်း ဘင်္ဂါလီ ကျေးရွာများကြားတွင် ပိတ်မိနေသည့် ရွက်ညိုတောင်ကျေးရွာတွင်စုပေါင်း ရောက်ရှိနေသည့် မူလ တန်းပြဆရာမ ဒေါ်စောနှင်းသန္တာကပြောသည်။

ဒေါ်စောနှင်းသန္တာက “ကားလမ်းတွေလည်း ပိတ်ထားတဲ့အတွက် ဘယ်မှသွားလို့မရဘူး။ ဆရာ၊ ဆရာမတွေအကုန်လုံး ညမအိပ်ရဲကြဘဲ ကင်းစောင့်နေကြရတာ ၃ ရက်ရှိပြီ။ လုံခြုံရေးတွေ နည်းနည်း ချထားတာတော့ရှိတယ်။ ဒါပေမယ့် စိတ်မချနိုင်ဘူး။ နေရေးထိုင်ရေး၊ စားရေးသောက်ရေးကအစ အကုန်လုံး အခက်အခဲဖြစ်နေတယ်”ဟု ပြောသည်။

ယင်းသို့ ကျေးရွာများတွင်ပိတ်မိနေသည့်ကျောင်းဆရာ၊ ဆရာမများအချို့အား ခေါ်ဆောင်ရန်အတွက် တပ်မတော်မှကားများဖြင် သွားရောက်နေသည်ဟုလည်းသိရသည်။ ယင်းမောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ဆရာ၊ ဆရာမတစ်ချို့မှာ မိမိနေရပ်သို့ပြန်သွားကြပြီဖြစ်ကြောင်းနှင့် စာသင်ကျောင်းများကိုလည်း ရက်အကန့် အသတ်မရှိ ပိတ်ထားရကြောင်းသိရသည်။

By - နေဝင်းစံ
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
မောင်တောနယ်စပ် ကျေးရွာများတွင် ဆရာ/မ ၇၀ ကျော် ပိတ်မိနေ  မောင်တောနယ်စပ် ကျေးရွာများတွင် ဆရာ/မ ၇၀ ကျော် ပိတ်မိနေ Reviewed by THITHTOOLWIN on 18:53 Rating: 5
Powered by Blogger.