ဝ တပ် ဖွဲ့ နှင့် မိုင်းလားတပ်ဖွဲ့ စစ်ရေးတင်းမာမှု ဖြစ်ပွားနေ

ဓါတ်ပုံ- ၀ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယူချမ်းနှင့်မိုင်းလား တပ်ဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း
အောက်တိုဘာ ၁ ရက်နေ့ ၂၀၁၆

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် အတွင်း အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့ ထိန်း ချုပ်နယ်မြေသို့ အထူးဒေသ ၂ မှ ၀ တပ်ဖွဲ့ဝင် များက စစ်ယာဉ်တန်းများ၊ သံချပ်ကာကားများ ဖြင့် စစ်အင်အားဖြည့်တင်းမှု တို့ကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်ကြား စက်တင်ဘာလကုန်ပိုင်းက စစ်ရေးတင်းမာမှု ဖြစ်ပွားသည်။

စစ်တင်ဘာ ၂၈ နံနက်ပိုင်းက ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တပ်ဖွဲ့ဝင်များက မိုင်းပေါက် အခြေစိုက် တပ်မဟာ ၄၆၈ မှ တိုက်ပွဲဝင်သံချပ်ကာကား ၅ စီး၊ တရုတ်လုပ် တုန်းဖိန်း ကားအမျိုးအစား စစ်ကားကြီး ၆၅ စီး စစ်သည်အင်အား ၆၀၀ ကျော် က မိုင်းလားတပ်ဖွဲ့ အမည်ရ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA-ESS ထိန်းချုပ်နယ်မြေအတွင်း သတင်းပေးပို့ခြင်းမရှိဘဲ ဝင်ရောက်လာ မှု ကြောင့် နှစ်ဘက်တပ်များ စစ်ရေးတင်းမာမှု ဖြစ်ပွားရခြင်းဖြစ်သည်။

“မဟာမိတ် က မဟာမိတ်ဘဲ။ ဘယ်သွားဘယ်လာ သတင်းတော့ ပို့ရမှာပေါ့။ ၀ နဲ့ ကျနော်တို့ ဆိုတာ လက်တွဲဖေါ် လက်တွဲဖက်တွေဘဲ။ ဒီတိုင်းလုပ်တာတော့ မဖြစ်သင့်ဘူးလေ။ နှစ်ဘက် လူကြီး အချင်းချင်း တိုက်ရိုက်ဆွေးနွေးနေတာလေ၊ ဒီ ၃-၄ ရက်အတွင်း စောင့်ကြည့်ရဦးမယ်” - ဟု အမည် မဖေါ်လိုသည့် ရှေ့တန်းနေ မိုင်းလား အရာရှိ တဦးက ပြောသည်။
“သတင်းပို့တာ မပို့တာတော့ မသိဘူး။ ကျနော်တို့က အမိန့်အရ လာရတာ။ အထက်အမိန့် မရရင်ပြန်ဆုတ်လို့မရဘူး” - ဟု ၀ တပ်ဖွဲ့ အရာရှိ တဦးဖြစ်သည့် ဦးဆိုင်းနတ် ကပြောသည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ မိုင်းလားတပ်ဖွဲ့၏ ကျိုဆားတပ်စခန်း၊ လွယ်ဆမ်ဆုမ်တပ်စခန်း၊ နှင့် ပန်မတ်ဖိုင်း ဂိတ်စခန်းအား ဝ တပ်ဖွဲ့က သိမ်းပိုက်လိုက်ထားကြောင်း၊ အမှတ် ၁၅ တပ်ရင်း လက်အောက်ခံ စစ်သည် ၁၅၁ ယောက်အား လည်း တပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်း ဆိုသည်။
တပ်မတော် စစ်ဖက်လုံခြုံရေးတပ်ဖွဲ့ ခေါင်းဆောင် ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် လက်ထက် ၂၀၀၉ ခုနှစ် က ၎င်းတို့ တပ်ဖွဲ့ဝင်များ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးစဉ် နယ်မြေ လုံခြုံရေး အရ ပူးတွဲ စခန်းချထားရန် မိုင်းလား နှင့် ၀တပ်ဖွဲ့တို့က သဘောတူညီမှုရယူထားသည်။

သို့သော် နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံ နှင့် ပတ်သက်၍ မိုင်းလားတပ်ဖွဲ့အပေါ် ၀ တပ်ဖွဲ့က ကျေနပ်မှုမရှိကြောင်း၊ သာမာန်အရာရှိတာ စေလွှတ်ရန် ၀တပ်ဖွဲ့၏ အကြံပေးချက်အား ငြင်းဆန်းပြီး မိုင်းလားတပ်ဖွဲ့ခေါင်း ဦးစိုင်းလင်း ကိုယ်တိုင် ညီလာခံပြီးမြောက်သည့်အထိ တက်ရောက်ခဲ့သည်။ ၀ တပ်ဖွဲ့မှာမူ ၂၁ ရာစု ပင်လုံညီလာခံသည် တန်းတူညီမျှမှုမရှိ ခွဲခြားဆက်ဆံမှု ခံရသည်ဟု ဆိုကာ ညီလာခံမှ နှုတ်ထွက် လာခဲ့သည်။

ဝ တပ်ဖွဲ့၊ မိုင်းလား တပ်ဖွဲ့၊ ဖုန်ကြားရှင်း ဦးဆောင်သည့် ကို့ကန့် တပ်ဖွဲ့တို့သည် တရုတ်ပြည်ထောက်ခံ အားပေးသည့် ဗမာပြည်ကွန်မြူနစ်တပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသည်။

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
ဝ တပ် ဖွဲ့ နှင့် မိုင်းလားတပ်ဖွဲ့ စစ်ရေးတင်းမာမှု ဖြစ်ပွားနေ  ဝ တပ် ဖွဲ့ နှင့် မိုင်းလားတပ်ဖွဲ့ စစ်ရေးတင်းမာမှု ဖြစ်ပွားနေ Reviewed by THITHTOOLWIN on 22:23 Rating: 5
Powered by Blogger.