တိုက်ပွဲများကြောင့် တိုင်းရင်းသားကျေးရွာများမှ အမျိုးသမီးနှင့် ကလေးများ ထွက်ပြေးမှုများ

( ယနေ့ မောင်တောမြို့နယ် အောင်မင်္ဂလာရွာမြင်ကွင်း/ ဓာတ်ပုံ- စံမောင်သန်း/ နိရဉ္စရာ)
နိရဉ္စရာ၊ အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာများတွင် လုံခြုံရေး စိုးရိမ်ရသည်ဟု ဆိုကာ ရွာသူ အမျိုးသမီးများနှင့် ကလေးငယ်များ ထွက်ပြေးမှုမှာ မြင့်မား လျက်ရှိနေကြောင်း သိရသည်။

အိမ်ခြေ ၁၁၀ ခန့်ရှိသော အောင်မင်္ဂလာကျေးရွာ၏ အခြေအနေကို ယနေ့ မေးကြည့်ရာ ကျေးရွာ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးသန်းလွှင်က “ အမျိုးသမီးနဲ့ ကလေးငယ်တွေတော့ ရွာမှာ မရှိတော့ဘူး။ နီးစပ်ရာကို ထွက်ပြေးသွားကြပြီ။ မောင်တောကို သွားသူသွား၊ ကျောက်တော်နဲ့ မြောက်ဦးဘက်ကို သွားသူသွားနဲ့ ရွာမှာ လူမကျန်တော့ဘူး” ဟု ပြောဆိုသည်။

( ယနေ့ မောင်တောမြို့နယ် အောင်မင်္ဂလာရွာမြင်ကွင်း/ ဓာတ်ပုံ- စံမောင်သန်း/ နိရဉ္စရာ)
ရွာထဲတွင် လက်ရှိ ယောင်္ကျား ၁၀၀ နီးပါးကျန်နေပြီး တစ်ချို့ အိမ်များတွင် ကျန်ရှိနေသေးသည့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာလည်း ကားဖြင့်မောင်တောသို့ သွားရန်ပြင်ဆင်နေကြသည်ဟု ဆိုသည်။

“ ကျွန်တော်တို့မှာ တုတ်၊ ဓါးဒီလောက်ဘဲ ရှိတယ်။ ဒါကြောင့် လုံခြုံရေး တိုးချပေးဖို့ တော့ လိုလားပါတယ်။ ဒီရွာမှာရှိတဲ့ ယောင်္ကျားတွေကတော့ တပ်မတော်က ဖြစ်ဖြစ်၊ အထက်အာဏာပိုင်တွေ ဖြစ်ဖြစ် ရွာကို စွန့်ခွာတော့လို့ မပြောမချင်းရွာမှာဘဲ နေမယ်။ ကျွန်တော်တို့ ဘယ်ကိုမှ ပြေးမှာ မဟုတ်ဘူး။ ရွာမှာနေသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

( ယနေ့ မောင်တောမြို့နယ် အောင်မင်္ဂလာရွာမြင်ကွင်း/ ဓာတ်ပုံ- စံမောင်သန်း/ နိရဉ္စရာ)
မောင်တောတောင်ပိုင်းကျေးရွာများဖြစ်ကြသည့် သရေကုန်ဘောင်၊ ကိုင်းကြီး၊ ကင်းချောင်း၊ ဗောဓိကုန်း၊ ခရေမြိုင်ရွာများတွင်လည်း အမျိုးသမီးများနှင့် ကလေးငယ်များ ပြောင်းရွှေ့မှုများ ရှိသော်လည်း အမျိုးသားများမှာ ကျေးရွာများကို စောင့်ကြပ်လျှက်ရှိကြသည်ဟု သိရသည်။

မောင်တောမြောက်ပိုင်း ငခူရ၊ ပြူးမ၊ ခြံပြင် အပါအ၀င် တိုင်းရင်းသား ကျေးရွာများတွင် တစ်စုံတစ်ရာ ပြောင်းရွှေ့မှု၊ ထွက်ပြေးမှု မရှိကြောင်း သိရသည်။

“ အထက်က လူကြီးတွေက ဒါကို ကြပ်ကြပ်မတ်မတ် ထိန်းသိမ်း ဆောင်ရွက်မယ်။ အားပေး အားမြောက်ပြုမယ်ဆိုရင် ရွာကို စွန့်ခွာထွက်ပြေးသူ နည်းသွားမယ်။ အခု လူတွေက လုံခြုံအားနည်းတော့ စိုးရိမ်ပြီး လူတွေက ထွက်ပြေးကြတာ များပါတယ်” ဟု မောင်တော ဒေသခံ ဦးညွှန့်မောင်က ပြောသည်။

တိုက်ပွဲများမှာ မောင်တောမြို့နယ် မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိနေပြီး ယနေ့တွင်လည်း နယ်ခြားစောင့်တပ် ဌာနချုပ် အနီးရှိ ၀ါဘိတ်ကျေးရွာဘက်တွင် သေနတ်သံများ ကြားရသည်ဟု ဒေသခံများက ပြောဆိုသည်။

Narinjara
https://www.facebook.com/Narinjara
တိုက်ပွဲများကြောင့် တိုင်းရင်းသားကျေးရွာများမှ အမျိုးသမီးနှင့် ကလေးများ ထွက်ပြေးမှုများ  တိုက်ပွဲများကြောင့် တိုင်းရင်းသားကျေးရွာများမှ အမျိုးသမီးနှင့် ကလေးများ ထွက်ပြေးမှုများ Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.