နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အရက်မူးပြီးဆဲဆိုသူနှစ်ဦးအား အမှုဖွင့်တိုင်ကြား


နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ လေသာ (တောင်) ရွာနေ ဦးဌေးမြင့်နှင့် ဦးအောင်မြင့်သန်းတို့နှစ်ဦးသည် ပြီးခဲ့သော စက်တင်ဘာ ၂၂ ရက်နေ့ည ၁၁ နာရီအချိန်ခန့်က လေသာ-ရေဆင်းလမ်းမကြီးပေါ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို မကြားဝံ့မနာသာ အော်ဟစ်ဆဲဆိုခဲ့သည်ဟုဆိုကာ ဇေယျာသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်ထွေးက နေပြည်တော် ရေဆင်းမြို့နယ်ရဲစခန်းသို့ ဥပဒေအရ အရေးယူပေးပါရန် အောက်တိုဘာ ၅ ရက်နေ့က တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက်ည ၁၁ နာရီအချိန်တွင် ဦးဌေးမြင့်နှင့် ဦးအောင်မြင့်သန်းတို့နှစ်ဦးသည် အရက်မူးပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ‘ဒီ အဖွားကြီးတက်လာမှ ကုန်ဈေးနှုန်းတွေ တက်တယ်၊ တတိုင်းပြည် လုံးမွဲနေတာ ဒီအဖွားကြီးကြောင့်’ စသည့်ပြောဆိုမှုများအပါအ၀င် မကြားဝံ့မနာသာ ညစ်ညမ်းစွာဆဲဆိုခြင်း၊ အကြိမ်ကြိမ်အခါခါ အော်ဟစ်ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ဦးသက်ထွေး၏တိုင်ကြားချက်တွင် ပါရှိသည်။

အဆိုပါ တိုင်ကြားချက်အရ နေပြည်တော်ရေဆင်းရဲတပ်ဖွဲ့စခန်းမှ (ပ) ၁၃၆/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၅၀၀/၅၀၅ (ခ) ဖြင့် အောက်တိုဘာ ၅ ရက်နေ့တွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

''ဖြစ်စဉ်က ကြာသွားပြီး ခုမှလာ တိုင်တယ်ဆိုတော့ တခုခုကြောင့်ပေါ့ဗျာ။ စခန်းမှူးတယောက်အနေနဲ့ လာတိုင်ရင်တော့ ဖွင့်ပေးရတာပေါ့ဗျာ၊ အမှုဖွင့်ခိုင်းတာကို မဖွင့်ရင် အရေးယူခံရမှာလေ၊ သက်သေတွေ အများကြီးစစ်ရဦးမှာပါ၊ စစ်ဆေးဆဲပေါ့ဗျာ'' ဟုရေဆင်းရဲစခန်းမှ စခန်းမှူး ဒု-ရဲအုပ် သန်းအောင်က News Watch သို့ ပြောသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အရက်မူးပြီးဆဲဆိုသူနှစ်ဦးအား အမှုဖွင့်တိုင်ကြား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အရက်မူးပြီးဆဲဆိုသူနှစ်ဦးအား အမှုဖွင့်တိုင်ကြား Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.