ဝါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေကွယ်လွန်


ကိုလိုနီခေတ် လွတ်လပ်ရေးကြိုးပမ်းမှုကာလကစပြီး စစ်အစိုးရလက်ထက် ဒီမိုကရေစီရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေမှာ ပါဝင်ကြိုးပမ်းခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဝါးခယ်မ သခင်သိန်းဖေဟာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၁၉ ရက်- ဗုဒ္ဓဟူးနေ့ည ၉ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်တယ်လို့ မိသားစုဝင်တစ်ဦးက မနေ့က လူမှုရေးစာမျက်နှာမှာ ရေးသားထားပါတယ်။

သခင်သိန်းဖေကို ၁၉၁၆ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ဧရာဝတီတိုင်း၊ မြောင်းမြခရိုင် ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက် မြို့မလမ်း၊ ဖခင် ဦးပန်းဘူး၊ မိခင် ဒေါ်သုန်တို့ကနေ မွေးဖွားခဲ့ပြီး မွေးချင်း ၇ ဦးရှိပါတယ်။

ဝါးခယ်မ အစိုးရအလယ်တန်းကျောင်း၊ ရန်ကုန် မြို့မအထက်တန်းကျောင်းတို့မှာ ပညာသင်ကြားခဲ့ပြီး ၁၉၃၄ ခုနှစ် အထက်တန်းကျောင်းသပိတ်မှာ ကျောင်းသားခေါင်းဆောင်အဖြစ် ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် ကျောင်းထုတ်ခံခဲ့ပါတယ်။ အဲဒီနောက် ၁၉၃၅ ခုနှစ်မှာ ဝါးခယ်မ တို့ဗမာအစည်းအရုံး အတွင်းရေးမှူး ဖြစ်လာခဲ့ပါတယ်။ သခင်သိန်းဖေဟာ ၁၃ဝဝ ပြည့်နှစ် ရေနံမြေသပိတ် စောင့်ရှောက်ရေးကော်မတီဝင်အဖြစ် ပါဝင်ခဲ့သလို ၁၉၃၉ ခုနှစ်မှာ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး အလုပ်အမှုဆောင်တဦး ဖြစ်လာခဲ့ပါတယ်။

၁၉၄၁ ခုနှစ်မှာ မြစ်ဝကျွန်းပေါ် မြေအောက်တော်လှန်ရေးတာဝန်ခံ၊ ၁၉၄၂ ခုနှစ်မှာ ဗိုလ်သိန်းဖေအဖြစ် ခံယူပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်နဲ့အတူ မြောင်းမြ၊ ဝါးခယ်မနဲ့ ကျုံမငေးမြို့တွေကို သိမ်းယူရာမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော်လှန်ရေး စတင်ပြီးနောက် မြစ်ဝကျွန်းပေါ်တိုင်း တော်လှန်ရေးတပ်နဲ့အတူ ပါဝင်ခဲ့ပြီး မအူပင်၊ မြောင်းမြနဲ့ ပုသိမ်ခရိုင်တွေမှာ နိုင်ငံရေးတာဝန်ခံအဖြစ် တာဝန်ယူခဲ့ပါတယ်။

လွတ်လပ်ရေးရပြီး နိုင်ငံရေးမှအနားယူပေမယ့် ၁၉၆၄ ခုနှစ်မှာ တို့ဗမာအစည်းအရုံး သမိုင်းပြုစုရေးအတွက် ဆော်သြသူအဖြစ် တာဝန်ယူခဲ့ပြီး တော်လှန်ရေးကောင်စီလက်ထက်မှာ နိုင်ငံရေးမှုနဲ့ ထောင်ဒဏ် ၃ နှစ်ကျော် ကျခံခဲ့ရပါတယ်။


၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအတွင်း ဝန်ကြီးချုပ်ဟောင်းဦးနု ဖွဲ့စည်းတဲ့ စင်ပြိုင်အစိုးရမှာ ပါဝင်ခဲ့သလို နောက်ပိုင်းမှာ ဦးနုဖွဲ့စည်းတဲ့ "ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ်"မှာ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့တဲ့အတွက် စစ်အစိုးရက နေအိမ်အကျယ်ချုပ် အပြစ်ပေးခံခဲ့ရပါတယ်။

၂ဝဝ၇ သံဃာ့အရေးအခင်းကာလအတွင်း "ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့" မှာပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ရေး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ဖို့ အကြိမ်ကြိမ် စာပေးပို့တောင်းဆိုခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

သခင်သိန်းဖေ ကွယ်လွန်ချိန်မှာ အသက် ၁ဝ၁ နှစ် ရှိပြီလို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဝါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေကွယ်လွန် ဝါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေကွယ်လွန် Reviewed by THITHTOOLWIN on 22:21 Rating: 5
Powered by Blogger.