မြစ်ကြီးနား အောက်တိုဘာ ၂၅ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေး စခန်း စစ်ဆေးရေးဂိတ်၌ ဆာလာအိတ် ဖြင့် ထည့်ထားသော ကျောက်စိမ်းအိတ် ၁၇ဝ ကို အောက်တိုဘာ ၂၄ ရက် ညနေ ၄ နာရီက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကန်ပိုက်တည် နယ်စပ်ကုန်သွယ် ရေးစခန်း စစ်ဆေးရေးဂိတ်သို့ မြစ်ကြီးနား မြို့ဘက်မှ ဝင်ရောက်လာသော ယာဉ် အမှတ် ၉ခ/---- ၁ဝ ဘီးယာဉ်ကို မြစ်ကြီးနားမြို့နယ် အကောက်ခွန်ဦးစီး မှူးရုံးမှ အကောက်ခွန်မှူး ဦးသိန်းထိုက်ဦး ဦးစီးသော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ သည် ရပ်တန့်စစ်ဆေးရာ ယာဉ်၏ ကိုယ်ထည်အတွင်း အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသည့် ကျောက်စိမ်း အိတ် ၁၇ဝ (အလေးချိန် စိစစ်ဆဲ) ကို တွေ့ရှိခဲ့သဖြင့် အကောက်ခွန်ဥပဒေ အရ အရေးယူဆောင်ရွက်ရန် မော်တော် ယာဉ်နှင့် ကျောက်စိမ်းအိတ်တို့ကို မှတ်တမ်းပြုစု၍ သိမ်းဆည်းခဲ့သည်။
ပြစ်မှုကျူးလွန်သူ နှစ်ဦးအား အရေးယူပေးပါရန် အကောက်ခွန်မှူး ဦးသိန်းထိုက်ဦးက နယ်မြေရဲစခန်း (ကန်ပိုက်တည်)သို့ တရားလိုပြုလုပ်၍ တိုင်တန်းလာသဖြင့် ယာဉ်မောင်း တင်ထွန်းလင်း(၂၈ နှစ်)နှင့် ယာဉ်နောက် လိုက် ဇင်မျိုးအောင် (၃၅ နှစ်)မြစ်ကြီးနား မြို့နေသူတို့ကို နယ်မြေရဲစခန်း (ကန်ပိုက်တည်)က အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
မင်းရာဇာ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်း စစ်ဆေးရေးဂိတ်၌ ကျောက်စိမ်းအိတ် ၁၇ဝ သိမ်းဆည်းရမိ
Reviewed by THITHTOOLWIN
on
08:45
Rating:
