လပတ်စာမေးပွဲကျသည့် ၁၀ တန်းကျောင်းသူ မိခင်ကဆူပူသဖြင့် ကြိုးဆွဲချသေဆုံးမှု မန္တလေးတွင်ဖြစ်ပွား


မန္တလေး ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ကန်ကောက်ဟောင်းရပ်၊ လမ်း၃၀၊ လမ်း၅၀နှင့်၅၁လမ်းကြားရှိ ခြံဝန်းတခုအတွင်းနေအိမ်တွင် ယနေ့အောက်တိုဘာ(၂၄)ရက် မွန်းလွဲ(၂)နာရီအချိန်ခန့်က အမျိုးသမီးငယ်တဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ မ--(အသက် ၁၆နှစ်) မှာ ၁၀ တန်းကျောင်းသူဖြစ်ပြီး အခင်းဖြစ်ပွားရာသို့ အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲအုပ်ထိုက်လင်းစိုးနှင့်အဖွဲ့၊ ကန်ကောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်းနှင့်အဖွဲ့တို့ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ၏ကိုယ်ခန္ဓာတွင် အခြားဒဏ်ရာမတွေ့ရှိဘဲ လည်ပင်းပွန်းရှဒဏ်ရာဖြင့်သေဆုံးလျက်ရှိရာ အလောင်းကို မန္တလေးအထွေထွေရောဂါကုဆေးရုံးကြီးသို့ ပို့ဆောင်ခဲ့သည်။

ဖြစ်စဉ်မှာ သေဆုံးသူသည် လပတ်စာမေးပွဲဖြေဆိုရာတွင် ၁ ဘာသာကျရှုံးခဲ့ဖြင့် မိခင်ဖြစ်သူမှဆူပူခဲ့သောကြောင့် နေအိမ်အနောက်ဘက်တွင် စာကျက်နေခဲ့ရာမှ မွန်းလွဲ(၂)နာရီအချိန်ခန့်တွင် မ--မှာ အမြင့်(၈)ပေခန့်ရှိ စိန်ပန်းပင်အား ပုဆိုးနှစ်ကွင်းပူးတွဲချည်နှောင်၍ လည်ပင်းစွပ်ကာကြိုးဆွဲချခဲ့ရာ အစ်မဖြစ်သူ သီတာအေးမှသိရှိသဖြင့် ဖြုတ်ပေးခဲ့စဉ် အသက်ရှုနေသေးပြီး ဆေးရုံသို့ပို့ဆောင်ရန်ပြုလုပ်စဉ် သေဆုံးခဲ့သည်။

“အမေက ညီမလေးကို လပတ်စာမေးပွဲကျလို့ ဆူလိုက်တယ်။ ညီမလေးက အိမ်နောက်ဘေးသွားပြီး စာကျက်နေတယ်။ ခဏကြာတော့မှ သွားကြည့်တော့ သစ်ပင်မှာပုဆိုးနဲ့ကြိုးဆွဲချထားတာတွေ့လို့ အိမ်သားတွေကိုပြောလိုက်တာ။ ဆေးရုံပို့ဖို့လုပ်နေတုန်းမှာပဲ သေဆုံးသွားတယ်။”ဟု ၎င်း၏အစ်မဖြစ်သူက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၃)ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၆)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
လပတ်စာမေးပွဲကျသည့် ၁၀ တန်းကျောင်းသူ မိခင်ကဆူပူသဖြင့် ကြိုးဆွဲချသေဆုံးမှု မန္တလေးတွင်ဖြစ်ပွား လပတ်စာမေးပွဲကျသည့် ၁၀ တန်းကျောင်းသူ မိခင်ကဆူပူသဖြင့် ကြိုးဆွဲချသေဆုံးမှု မန္တလေးတွင်ဖြစ်ပွား Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.