ရေယာဉ်နစ်မြုပ်မှုမှာ သေဆုံးသူ ၂ဝ ကျော်ရဲ့ရုပ်အလောင်းတွေ တွေ့ရှိ

( အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်မှုကြောင့် သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာလ ၁၇ ရက်နေ့က ထပ်မံဆယ်ယူ ရရှိထားစဉ် ) Photo: Myanmar Fire Services Department/ Facebook
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာအနီးမှာ အောင်စိုးမိုးကျော်အမြန်ရေယာဉ် နစ်မြုပ်မှုကြောင့် သေဆုံးနေတဲ့ ရုပ်အလောင်း ၂၀ ကျော်ကို ဒီနေ့ ထပ်မံဆယ်ယူရရှိထားတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

ကနီမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ များတယ်လို့ ပြောပါတယ်။

"ဒီနေ့ ဖြစ်တဲ့နေရာက လေးလောင်း အခုလောလောဆယ်တွေ့တယ်။ ကနီမှာ ၁၁ လောင်း၊ မုံရွာမှာ ၅ လောင်း၊ ချောင်းဦးဘက်မှာ ၁ လောင်း အဲဒါဒီနေ့တွေ့ထားတဲ့ စာရင်းအရပေါ့နော်။ စုစုပေါင်း ၂၇ လောင်း ပေါ့။ အထူးသဖြင့်တော့ အမျိုးသမီးတွေပဲဖြစ်တယ်။ ယောင်္ကျားလေးအလောင်းက ၁ လောင်း ပဲ တွေ့သေးတယ်။ ကျန်တာကတော့ အမျိုးသမီးနဲ့ ကလေး နှစ်ယောက်ပါတယ်။အသက် ၂၀ နဲ့ ၃၀ ကြား အမျိုးသမီးလေးတွေပါ။" လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

ရေယာဉ်စတင်နစ်မြုပ်တဲ့နေမှာ အလောင်း ၅ လောင်း၊ အောက်တိုဘာလ ၁၆ ရက်နေ့ မနေ့က အလောင်း ၂ လောင်းနဲ့ ဒီနေ့မှာ ၂၁ လောင်း ဆယ်ယူရရှိခဲ့တာပါ။

အလောင်းတွေကို ကနီမြို့နယ်အနီးက ကျွန်းငယ်တစ်ခုမှာ စုထားပြီး သက်ဆိုင်ရာမိသားစုဝင်တွေကို တစ်ရက်စောင့်ဆိုင်းပြီးမှ သဂြိုလ်ဖို့ ပြင်ဆင်ထားပါတယ်။ သေဆုံးသူတွေရဲ့ လက်ဝတ်လက်စားတွေနဲ့ ရရှိတဲ့ အထောက်အထားပစ္စည်းတွေကို ရဲတပ်ဖွဲ့ဘက်က မှတ်တမ်းပြုစုနေတယ်လို့ ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော်ရေယာဉ်ကို ရေငုတ်သမားတွေက ဒီနေ့မနက်က ဆယ်ယူနေပေမယ့် ရေစီးသန်တာကြောင့် ညနေပိုင်းအထိ ဆယ်ယူလို့ မရသေးဘူးလို့လည်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရေယာဉ်နစ်မြုပ်မှုမှာ သေဆုံးသူ ၂ဝ ကျော်ရဲ့ရုပ်အလောင်းတွေ တွေ့ရှိ ရေယာဉ်နစ်မြုပ်မှုမှာ သေဆုံးသူ ၂ဝ ကျော်ရဲ့ရုပ်အလောင်းတွေ တွေ့ရှိ Reviewed by THITHTOOLWIN on 16:20 Rating: 5
Powered by Blogger.