ပဲခူးရိုးမအတွင်းမှ ထွက်လာသည့် တောဆင်ရိုင်းနှစ်ကောင်ကို တပ်ကုန်းမြို့နယ်အတွင်း၌ မေ့ဆေးသေနတ်ပစ် ဖမ်းဆီးခဲ့


တပ်ကုန်း အောက်တိုဘာ ၁၃

ပဲခူးရိုးမအတွင်းမှ ထွက်လာသည့် တောဆင်ရိုင်းနှစ်ကောင်ကို နေပြည်တော် တပ်ကုန်းမြို့နယ်၏ တောင်ဘက် ငါးမိုင် ကျော်ခန့် ကင်းသာကျေးရွာအုပ်စု ကင်းသာကျေးရွာ၊ ရေဆင်းကြိုးပြင်ကွင်းအတွင်း ရန်ကုန်-မ္တလေးကား လမ်းဟောင်း မိုင်တိုင်အမှတ် (၂၇၀/၇) အရှေ့ဘက် ကိုက် ၁၀၀ ခန့်အကွာနေရာ၌ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဆင်တာဝန်ခံများ ထက်ကြပ်မကွာလိုက်ပြီးအောက်တိုဘာ ၁၃ ရက် နံနက် ၁၁ နာရီခွဲက မေ့ဆေးသေနတ်ဖြင့် ပစ်ကာဖမ်းဆီး ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ဒီတောဆင်ရိုင်းနှစ်ကောင်ကို စက်တင်ဘာ ၂၄ ရက်ကတည်းက စလိုက်ခဲ့တာပါ။ ပဲခူးရိုးမငလိုက်ချောင်းဝင်းအတွင်းကနေ ထွက်လာတာဖြစ်ပါတယ်။

အဲဒီကနေ ဧလာလေယာဉ်ကွင်း၊ အဲဒီကနေ ရှမ်းရိုးမ တောင်ပေါ် ပေါင်းလောင်းချောင်းကို ဖြတ်ကျော်တယ်။ နောက် ပလောင်းရွာ၊ နန်ချိုကြိုးဝိုင်း၊ အောက်ပေါင်းလောင်း ရေအား လျှပ်စစ်စီမံကိန်းကနေ ဒီနေ့ ဒီရေဆင်းကြိုးဝိုင်းထဲကို ရောက်ရှိလာ ခဲ့တယ်။ ရေဆင်းကြိုးဝိုင်းထဲကို ရောက်တဲ့အခါမှာ တပ်နယ်ဧရိယာ လည်းဖြစ်တယ်။ လူတွေနဲ့ အနေနီး တဲ့အတွက် ဆင်လိမ္မာနဲ့မျှားပြီး ဒီဆင်တွေကို မေ့ဆေးနဲ့ ပစ်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ကံကောင်းတာတစ်ခုက လမ်းခရီးတစ်လျှောက်လုံးမှာ လူတစ်စုံတစ်ယောက်ကိုမှ အန္တရာယ်မပြုခဲ့ဘူး။ အဆောက်အအုံတွေလည်း မဖျက်ဆီးခဲ့ဘူး။ သီးနှံစိုက်ခင်းအနည်းငယ် စားရုံကလွဲပြီး ဘာအန္တရာယ် မှ မပြုခဲ့ပါဘူး” ဟု ဆင်ဖမ်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါက်တာ တင်ထွန်းအောင်က ပြောသည်။

အဆိုပါ တောဆင်ရိုင်းဖမ်းဆီးရေးတွင် တပ်ကုန်းတပ်နယ်မှ တာဝန်ရှိသူများ၊ မြန်မာ့သစ်ထုတ်လုပ်ရေးအဖွဲ့မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးအောင်မြင့်ဌေးနှင့်အဖွဲ့ဝင်များ၊ ဆင် ဆရာဝန် ဒေါက်တာတင်ထွန်းအောင်အဖွဲ့၊ ဆင်ကျွမ်းကျင် အဖွဲ့များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးစနေ ထွန်းနှင့်အဖွဲ့၊ မြို့နယ်သစ်တော ဦးစီးဌာန ဦးစိန်ပေါနှင့် အဖွဲ့ ပူးပေါင်း၍ ဖမ်းဆီးခဲ့ကြသည်။

ယင်းဆင်နှစ်ကောင်မှာ အရပ် ငါးပေ၊ ၁၁ လက်မ၊ လုံးပတ် ငါးပေ၊ နှစ်လက်မခန့်ရှိ ငါးနှစ်သားခန့်အရွယ် အထီးတစ်ကောင်နှင့် အရပ် ခုနစ်ပေ၊ တစ်လက်မ၊ လုံးပတ် ၁၄ ပေ၊ နှစ်လက်မ ခန့်ရှိ ၁၂ နှစ်သားခန့်အရွယ် အမတစ်ကောင်တို့ဖြစ်ကြောင်း၊ ဖမ်းဆီးထားသည့် တောဆင်ရိုင်းများအား ပဲခူးတိုင်း အလယ်ရိုးမ မြောက်ဇာမဏီ ဘေးမဲ့ကြိုးဝိုင်းသို့ ဆက်လက်ပို့ ဆောင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း-တင်မောင်လွင်
(မြန်မာ့အလင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပဲခူးရိုးမအတွင်းမှ ထွက်လာသည့် တောဆင်ရိုင်းနှစ်ကောင်ကို တပ်ကုန်းမြို့နယ်အတွင်း၌ မေ့ဆေးသေနတ်ပစ် ဖမ်းဆီးခဲ့ ပဲခူးရိုးမအတွင်းမှ ထွက်လာသည့် တောဆင်ရိုင်းနှစ်ကောင်ကို တပ်ကုန်းမြို့နယ်အတွင်း၌ မေ့ဆေးသေနတ်ပစ် ဖမ်းဆီးခဲ့ Reviewed by THITHTOOLWIN on 09:16 Rating: 5
Powered by Blogger.