နယ်စပ်တွင်ဗုံးကွဲ၊ အေအေတပ်သားအချို့ ဒဏ်ရာရ


နိရဉ္စရာ၊ အောက်တိုဘာ ၂၄

အိန္ဒိယ- ဘင်္ဂလာဒေ့ရှ်- မြန်မာ သုံးနိုင်ငံ နယ်စပ်တွင် ဗုံးပေါက်ကွဲရာမှ ရက္ခိုင့်တပ်မတော် (အေအေ) တပ်သားအချို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်ဟု သတင်း ရရှိသည်။

“ ဟုတ်ပါတယ်။ ဒီကနေ့ နံနက် ၇ နာရီခန့်က ကျွန်တော်တို့ လူပ်ရှားသွားလာနေတဲ့ နေရာမှာ ဗုံးပေါက်ကွဲတာ ဖြစ်ပါတယ်။ ဗုံးထောင်တာကတော့ ALP က ဖြစ်ပါတယ်” ဟု ရက္ခိုင့်တပ်မတော်မှ ဗိုလ်မှူးကြီးကျော်ဟန်က နိရဉ္စရာက ဆက်သွယ် မေးမြန်းစဉ် ပြောကြားသည်။


ယခု ဗုံးကွဲသောနေရာသည် ALP မှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား နှစ်ဦးကို ပြန်ပေးဆွဲ၍ ဘင်္ဂလာဒေ့ရှ်စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားသောနေရာတွင် ဖြစ်ကြောင်း၊ ၎င်းနေရာတွင် ALP နှင့် AA တပ်ဖွဲ့ဝင်များသာ သွားလာလှုပ်ရှားမှု ရှိကြောင်း၊ ၎င်းနေရာတွင် AA၏ ထောက်ပို့ စခန်းငယ်များ ထားရှိသော နေရာဖြစ်ကြောင်း၊ ၎င်းနေရာတွင် ဗုံးကွဲခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဟန်က ပြောသည်။

“ ဗုံးတွေက တော်လှန်ရေးသမားတွေ သုံးတဲ့ ဗုံးအမျိုးအစား ဖြစ်တယ်။ ဗမာစစ်တပ်ကလည်း ဒီနေရာထိ ဗုံးလာထောင်ဖို့ဆိုတာလည်း လုံးဝ မဖြစ်နိုင်ဘူး။ ဘင်္ဂလာဒေ့ရှ် စစ်တပ်လည်း မဖြစ်နိုင်ဘူး။ အရင်ကလည်း ကျွန်တော်တို့ ရိက္ခာတွေသိုလှောင်ထားတဲ့ တဲတွေရဲ့ ခေါင်းမိုးတွေကို ALP တပ်သားတွေက ဖေါက်ဖျက်တာတို့၊ တုတ်တွေနဲ့ ထိုးသွားတာတို့ လုပ်တာတွေရှိပါတယ်။ အခုတော့ ဗုံးလာထောင်တယ်” ဟု ပြောဆိုသည်။


၎င်းပြင် ဗိုလ်မှူးကြီးကျော်ဟန်က ယခုဗုံးထောင်မှုကို ALP က တာဝန်ယူရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်သူများအားလည်း မိမိတို့အနေဖြင့် ALP လုပ်ရပ်ကို အသိပေးလိုကြောင်းဖြင့် ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ALP သို့ ဆက်သွယ်မေးမြန်းရာ တွဲဘက် အတွင်းရေးမှူး ခိုင်အောင်စောသန်းက “ ကျွန်တော်တို့ ဒီလို မြေမြုပ်ဗုံးတွေကို မသုံးတာ ကြာပါပြီ။ ကျွန်တော်တို့ ဘက်က ထောင်တာ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

ယခုကိစ္စကို မည်သို့ ဖြေရှင်းဆောင်ရွက်ပါမလဲဟု မေးမြန်းရာ ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်၊ ဗိုလ်မှူးကြီးကျော်ဟန်တို့နှင့် ဆက်သွယ်ပြီး အကျိုးအကြောင်းကို မေးမြန်းကာ ဖြေရှင်းသွားမည်ဟု ပြောဆိုသည်။

နိရဉ္စရာက စုံစမ်းသိရှိရသလောက် ရက္ခိုင့်တပ်မတော်ဘက်မှ အနည်းဆုံးရဲဘော် နှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

(ဓာတ်ပုံ- ဒဏ်ရာရဲဘော်နှင့် ထောင်ထားသော ဗုံးအမျိုးအစား)

Narinjara
https://www.facebook.com/Narinjara
နယ်စပ်တွင်ဗုံးကွဲ၊ အေအေတပ်သားအချို့ ဒဏ်ရာရ နယ်စပ်တွင်ဗုံးကွဲ၊ အေအေတပ်သားအချို့ ဒဏ်ရာရ Reviewed by THITHTOOLWIN on 15:35 Rating: 5
Powered by Blogger.