ရန်ကုန် အောက်တိုဘာ ၁၆
ရန်ကုန်မြို့ လသာမြို့နယ် (၁၉) လမ်း ကမ်းနားလမ်းရှိ ကမ်းနားလမ်းမဟောင်းပေါ်တွင် အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် ၅ နာရီက ယာဉ်ငယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ ယာဉ်မောင်းနှစ်ဦးအပါအဝင် ခရီးသည်ငါးဦးကို ရန်ကုန်ဆေးရုံသို့တင်ပို့လိုက်ရသည်ဟု ယင်းနေရာအနီးနေထိုင်သူ အသက် ၅ဝ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံးသံငြမ်းများတင်ဆောင်လာသောTown Ace အမျိုးအစား ယာဉ်အမှတ် 8K/ -----သည် ကမ်းနားလမ်းဟောင်းပေါ်တွင် အနောက်မှအရှေ့သို့မောင်းနှင်လာစဉ် (၁၉)လမ်း ကမ်းနားထိပ်အနီးအရောက် ကမ်းနားလမ်းမဟောင်းအတိုင်း အရှေ့မှ အနောက်သို့မောင်းနှင်လာသော တိုယိုတာ Caldina အမျိုးအစား အငှားတက္ကစီယာဉ်အမှတ် BB/-----အား လမ်းလယ်မျဉ်းကျော်၍ ဝင်တိုက်မိခဲ့သည်။
စတိုက်မိသည့်နေရာတွင် ယင်းယာဉ် နောက်ပိုင်းတွင် တင်ဆောင်လာသော သံငြမ်းအများစုမှာ ကားလမ်းမပေါ်သို့ ပြုတ်ကျခဲ့သည်။ ယာဉ်တိုက်သည့်အရှိန်ကြောင့် ယာဉ်နှစ်စီးစလုံး စတိုက်သည့်နေရာမှ အရှေ့ဘက်သို့ အနည်းငယ်ရွေ့သွားပြီး ယာဉ်ကြောပေါ်တွင် ကန့်လန့်အနေအထားမြင်တွေ့ရ သည်။
ယာဉ်မောင်းနှစ်ဦးနှင့် တက္ကစီယာဉ်ပေါ်ပါ ခရီးသည် စုစုပေါင်း ငါးဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားသော နေရာသို့ သက်ဆိုင်ရာက လာရောက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
(မောင်စေအောင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ယာဉ်ငယ်နှစ်စီး ကမ်းနားလမ်းမလယ် ခေါင်းချင်းဆိုင်တိုက်၊ ငါးဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
10:23
Rating:
