နိုင်ငံအတွင်းမှ တပ်ဖွဲ့များမဆုတ်ခွာပါက ဒေသတွင်းစစ်ပွဲဖြစ်ပွားမည်ဟု အီရတ်က တူရကီကို သတိပေး


ဘဂ္ဂဒက် ၊ ၆-၁၀-၂၀၁၆

အီရတ်နိုင်ငံ အတွင်း၌ တူရကီက ၄င်း၏ တပ်ဖွဲ့များကို ဆက်လက်တပ်စွဲ ထားခြင်းသည် ဒေသတွင်း စစ်ပွဲတစ်ရပ်သို့ ဦးတည်သွား နိုင်ကြောင်း အီရတ်ဝန်ကြီးချုပ် အယ်လ်အဘာဒီ က တူရကီနိုင်ငံကို သတိပေး ပြောကြားခဲ့ သည်ဟု နိုင်ငံပိုင် ရုပ်သံဌာနက အောက်တိုဘာ ၅ ရက်တွင် ဖော်ပြထားသည်။

အီရတ်နှင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ အကြမ်းဖက် အဖွဲ့အစည်းများအား နောက်ထပ် တစ်နှစ်ကြာ စစ်ဘက် စစ်ဆင်ရေးများ ပြုလုပ်နိုင်မည့် အမိန့်အာဏာ သက်တမ်းကို တိုးမြှင့်သွားရန် တူရကီလွှတ်တော် က ပြီးခဲ့သည့်ရက် သတ္တပတ်အတွင်း အတည်ပြု ဆုံးဖြတ်ချက် ချမှတ်ခဲ့မှုအပေါ် အောက်တိုဘာ ၄ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ အဘာဒီ က ပြောကြားသည်။

''အီရတ်နိုင်ငံ အရေးကို ဝင်ရောက် စွက်ဖက်ခြင်း မပြုဖို့ တူရကီကို တစ်ကြိမ်ထက် မက သတိပေးခဲ့ ပြီးပါပြီ။ တူရကီရဲ့ စွန့်စားမှုက ဒေသတွင်း စစ်ပွဲတစ်ပွဲဆီသို့ ပြောင်းလဲသွား မှာကိုတော့ စိုးရိမ်မိပါတယ်။ တူရကီ ခေါင်းဆောင်ပိုင်း တွေရဲ့ ပြုမူ လုပ်ဆောင်ပုံ တွေဟာ လက်ခံနိုင်ဖွယ်ရာ မရှိပါဘူး။ ကျွန်တော်တို့ အနေနဲ့ကလည်း တူရကီနဲ့ စစ်ဘက် ထိပ်တိုက် တွေ့ဆုံမှုကို မလိုလားပါဘူး'' ဟု အဘာဒီ က ပြောကြားသည်။

ထို့ပြင် တူရကီ လွှတ်တော်၏ ဆုံးဖြတ်ချက် ကို ပြစ်တင်ရှုတ်ချရန် အီရတ် လွှတ်တော်က အောက်တိုဘာ ၄ ရက်တွင် သဘောထား ဆန္ဒ ခံယူမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက အီရတ်နိုင်ငံ မြောက်ပိုင်းရှိ အခြေစိုက် စခန်းတွင် တူရကီ တပ်ဖွဲ့ဝင်များကို တပ်ဖြန့်ချထား ခြင်းသည် အီရတ်နှင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ နယ်မြေ ပိုင်နက်အချို့ကို သိမ်းပိုက်ထား သော ISIS စစ်သွေးကြွ များအား ချေမှုန်းတိုက်ခိုက် နေသည့် အီရတ်တပ်ဖွဲ့ဝင် များကို စစ်လက်နက် ပစ္စည်းများ တပ်ဆင်ပေးရန်နှင့် လေ့ကျင့်ပေးရန် အတွက်ဖြစ်ကြောင်း တူရကီက ပြောကြားထားသည်။

PyiChitThar
http://www.pyichitthar.com
နိုင်ငံအတွင်းမှ တပ်ဖွဲ့များမဆုတ်ခွာပါက ဒေသတွင်းစစ်ပွဲဖြစ်ပွားမည်ဟု အီရတ်က တူရကီကို သတိပေး  နိုင်ငံအတွင်းမှ တပ်ဖွဲ့များမဆုတ်ခွာပါက ဒေသတွင်းစစ်ပွဲဖြစ်ပွားမည်ဟု အီရတ်က တူရကီကို သတိပေး Reviewed by THITHTOOLWIN on 09:50 Rating: 5
Powered by Blogger.