တာချီလိတ် - မိုင်းဖြတ်လမ်းပေါ် ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင် တိုက်မိရာမှ တပ်မတော်သား (၂)ဦး သေဆုံး


တာချီလိတ် - မိုင်းဖြတ် လမ်းပေါ်တွင် မော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ အမျိုးသား(၂)ဦး ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးသွားပြီး မော်တော်ယာဉ်မောင်းနှင်သူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု ပါခါးနွဲ့ရွာနှင့် ပါဟုတ်ရွာအကြားတွင် တာလေဘက်မှ မိုင်းဖြတ်ဘက်သို့ အမှတ်(၃၃၈) အမြောက်တပ်ရင်းမှ တပ်ကြပ်ကြီး ဇော်မင်းထွန်း မောင်းနှင်လာပြီး တပ်ကြပ်ကြီးစာရေး တင်မျိုးဇော် လိုက်ပါလာသည့် ဟွန်ဒါအမျိုးအစား မော်တော်ဆိုင်ကယ် နှင့် မိုင်းဖြတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် အီစူဇူးအမျိုးအစား ခဲရောင်မော်တော်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်ဖြင့် လာသူ နှစ်ဦးမှာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်သည် အောက်တိုဘာလ (၂၁)ရက်နေ့ နေ့လယ်(၂)နာရီခွဲကျော်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ် ကျိုးကြေဒဏ်ရာများ ရရှိခဲ့သည့် တပ်မတော်သား နှစ်ဦးအား မိုင်းဖြတ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့ကြောင်းနှင့် မိုင်းဖြတ်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် ယာဉ်၏ ယာဉ်မောင်းမှာ အခင်းဖြစ်ပွားရာ နေရာ၌ပင် မော်တော်ယာဉ်အား ထားခဲ့ပြီး ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မော်တော်ယာဉ်ကိုထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသူအား တရားဥပဒေအရ အရေးယူနိုင်ရန်အတွက် တာလေရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး စုံစမ်းနေလျှက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ - တာလေထွေ/အုပ်
Tachileik News Agency
http://www.tachileik.net
တာချီလိတ် - မိုင်းဖြတ်လမ်းပေါ် ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင် တိုက်မိရာမှ တပ်မတော်သား (၂)ဦး သေဆုံး  တာချီလိတ် - မိုင်းဖြတ်လမ်းပေါ် ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင် တိုက်မိရာမှ တပ်မတော်သား (၂)ဦး သေဆုံး Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.