ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်(တောင်ပိုင်း)တို့ မုန်တိုင်း စက်ကွင်းကျရောက်နေ


ရန်ကုန် အောက်တိုဘာ ၂၂

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည် အောက်တိုဘာ ၂၂ ရက် နံနက် တိုင်းတာချက်များအရ အိန္ဒိယနိုင်ငံ ပို့လ်ဘလဲယားမြို့၏ အနောက်မြောက် ယွန်းယွန်း ကီလိုမီတာ ၄ဝဝ (မိုင် ၂၅ဝ အကွာ)၊ ရန်ကုန်မြို့နှင့် အနောက် တောင်ယွန်းယွန်း ကီလိုမီတာ ၇၅ဝ (၄၅၅ မိုင်အကွာ) တွင် ဗဟိုပြုနေပြီး မုန်တိုင်းစက်ကွင်းအတွင်း ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည် နယ် တောင်ပိုင်းဒေသတို့ ကျရောက်နေကြောင်း သိရသည်။

မုန်တိုင်းဗဟိုချက်သည် မြန်မာနိုင်ငံအတွင်း မကျရောက်နိုင်သော်လည်း မုန်တိုင်းစက်ကွင်းအတွင်း တည်ရှိနေသောကြောင့် မိုးရွာသွန်းမှု များနှင့် အတူ လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတိုင်းတာချက်အရ အောက်တိုဘာ ၂၄ ရက်တွင် မုန်တိုင်းငယ်သည် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းသို့ ချဉ်းကပ် ရောက်ရှိနိုင်ပြီး အများဆုံးလေတိုက်နှုန်းတစ်နာရီလျှင်မိုင် ၅ဝ မှ ၅၅ မိုင် အထိ ရှိနိုင်ကြောင်း၊ မုန်တိုင်း၏အရှိန်ကို ဧရာဝတီဒေသနှင့် ရခိုင်ပြည်နယ်တောင် ပိုင်းတို့တွင် ခံစားရနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထုတ်ပြန်ထားပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ကလည်း မုန်တိုင်းသတင်း နှင့် သတိပေးချက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည်။

မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ပင်လယ် ရေလှိုင်းမြင့် တက်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီး မိုးရွာသွန်းရာတွင် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မကွေးတိုင်းဒေသကြီး၊ မွန်၊ ရခိုင်ပြည်နယ် တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး တို့တွင် နေရာကွက် ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်း ရွာနိုင်သည်။

မုန်တိုင်းစက်ကွင်းအတွင်းကျရောက်သော ဧရာဝတီတိုင်းဒေသ ကြီးနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းတို့တွင် လေတိုက်နှုန်းတစ်နာရီမိုင် ၃ဝ မှ မိုင် ၅ဝ အထိ တိုက်ခတ်နိုင်ပြီး မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းကြီးနိုင်ကာ လှိုင်းအမြင့် ၁ဝ-၁၅ ပေခန့် အထိရှိနိုင်ကြောင်း၊ မြစ်ဝ ကျွန်းပေါ် ဒေသကမ်းရိုးတန်းတစ်လျှောက်တွင် ခန့်မှန်းထား သည့် လေ တိုက်နှုန်း တစ်နာရီလျှင် မိုင် ၄ဝ မှ မိုင် ၆ဝ အတွင်း တိုက်ခတ်ပါက မုန်တိုင်းဒီရေ အမြင့်မှာ အနည်းဆုံး တစ်ပေမှ အများဆုံး သုံးပေအထိသာ တက်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းသုံးသပ်ထားပြီး အဆိုပါအချက်အလက်များကို ဆက်လက်စောင့်ကြည့်လျက်ရှိကာ အချိန်နှင့်လိုက်၍ ပြောင်းလဲနိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်(တောင်ပိုင်း)တို့ မုန်တိုင်း စက်ကွင်းကျရောက်နေ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်(တောင်ပိုင်း)တို့ မုန်တိုင်း စက်ကွင်းကျရောက်နေ Reviewed by THITHTOOLWIN on 09:26 Rating: 5
Powered by Blogger.