တပ်ဆုတ်ပေးရန်တပ်မတော်ညွှန်ကြားမှု ဝ တပ်ဖွဲ့လက်မခံ - တောင်ပိုင်း ဝ တပ်ဖွဲ့ထိန်းချုပ်နယ်မြေအထိ စစ်ရေးတင်းမာမှုပျံ့နှံ့


အောက်တိုဘာ ၂၄ ရက် ၂၀၁၆

အောက်တိုဘာ ၂၄ ရက် နေ့ နောက်ဆုံးထားပြီး မိုင်းလားနယ်သို့ရောက်ရှိတပ်စွဲနေသည့် တပ်များ အားလုံးတပ်ရုပ်ရန် အစိုးရတပ်မတော်ညွှန်ကြား မှုကို ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်မခံသောကြောင့် ကျိုင်းတုံအရှေ့ဒေသ နှင့် အထူးဒေသ ၄ မိုင်းလား နယ်ခြားတလျှောက်စစ်ရေး တင်းမာသည့်အပြင် ထိုင်းနယ်စပ် မိုင်းဆတ်ခရိုင် ဘက်တွင်လည်း စစ်ရေးတင်းမာမှုများ ဆက်လက် ဖြစ်ပွားလာနေသည်ဟုသိရသည်။

“တရားဝင်အကြောင်းပြန်တာတော့မရှိဘူး။ အထက်ကလာတဲ့ အမိန့်အရတော့ ကျနော်တို့တွေ တပ်ဆုတ်လို့မရဘူး။ မနေ့တုန်းကတွေတော့ တကယ်လာတိုက်တော့မယ့်အတိုင်းဘဲ စစ်တိုက်လေ ယာဉ်တွေ လာဝဲတယ်။ ဒီနေ့တော့မလာဘူး။ ကျနော်တို့လဲ တပ်ဆုတ်လို့မရဘူး” - ဟု ရှေ့တန်းရောက် ဝ အရာရှိ လော်ဆိုင်းနပ် က ပြောသည်။

မိုင်းလားဒေသအနီးဘက် အစိုးရတပ်မတော် စစ်ရေးအသင့်ပြင်နေသည်ဟု ဆိုသော်လည်း ယနေ့ ထူးခြားသည့်လှုပ်ရှားမှုမရှိ။ သို့သော် ဝ တပ်ဖွဲ့ တပ်မဟာ ၄၆၈ ဌာနချုပ် (မိုင်းပေါက်) နှင့် ကပ်လျက် ရှိသည့် မိုင်းယန်းမြို့က ဝန်ထမ်းများက တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ မိုင်းခတ်မြို့သို့ တိမ်းရှောင်မှု များရှိနေသည်ဟု မိုင်းယန်းမြို့ခံများကပြောသည်။

ထို့မြောက်ပိုင်း ဝ ထိန်းချုပ်နယ် နှင့် မိုင်းလားထိန်းချုပ်နယ်မြေ တလျှောက် စစ်ရေးတင်းမာမှု ဖြစ်ပွားသကဲ့သို့ ထိုင်းနယ်စပ် မိုင်းဆတ်မြို့နယ် ဘက်တွင်လည်း စစ်ရေးတင်းမာမှု ဖြစ်ပွားနေသည်ဟု ဆိုသည်။

“မြောက်ဘက်မှာ ဘာဆက်ဖြစ်နေတယ် ဆိုတာတော့မသိဘူး။ ကျနော်တို့ တော့ ရဲဘော်ဟောင်းတွေ အသက် ၆၀ ကျော်ပြီး အားကောင်းမောင်းသန်တဲ့သူတွေ အားလုံး၊ ခြံလုပ်ငန်း၊ စက်ရုံ စတဲ့ လုပ်သား တွေလဲ အားလုံးပြန်ခေါ်တယ်၊ စစ်ရေးအတွေ့အကြုံရှိတဲ့သူတွေပေါ့။ တပ်မိသားစုလဲ ဘယ်မှ မသွားဖို့ ညွှန်ကြားထားတယ်” - ဟု တောင်ပိုင်း ဝ အရာရှိ တဦး ဖြစ်သူ တာ့ညီး ကပြောသည်။

မိုင်းဆတ်မြို့ အထွက် တာချီလိတ်အသွားလမ်း မိုင်းဆတ်လွယ်ဆမ်ဆုမ်ေ တာင်ကြောတလျှောက် ဝ တပ်ဖွဲ့များ နေရာယူထားကြောင်း၊ အစိုးရတပ်မတော်ပိုင် စစ်ရဟတ်ယာဉ် သုံးစီးလည်း ယနေ့ မိုင်းဆတ်မြို့ဘက်ယနေ့ရောက်ရှိလာကြောင်း မိုင်းဆတ်ဒေသခံ ဦးဂျဆေးက ပြောသည်။

“အခု ဖြစ်နေတဲ့ စစ်ရေးပြဿနာက ၂၀၁၅ နှစ်ဦးပိုင်းက ဖြစ်တဲ့ ပြဿနာနဲ့မတူဘူး။ အဲဒီတုန်းက သစ် ၊ နဲ့ မူးယစ်ဆေး ကိစ္စ၊ အခုက နိုင်ငံရေးကိစ္စဆိုတော့ မတူဘူးပေါ့” – ဟု မိုင်းဆတ်မြို့နေ ဦးစိုင်းဝိ က ပြော သည်။

ဝ ပြည်သွေးစီးညီညွတ်ရေးတပ်မတော်သည် တောင်ပိုင်း ထိုင်းနယ်စပ်ရှိ ၎င်းတို့ ထိန်းချုပ်ထားသည်ဟု ယူဆသည့် နယ်မြေ အား တရုတ်နယ်စပ်ရှိ မြန်မာအစိုးရထံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုင်း နှင့် ပူးတွဲပြီး ဝ ပြည်နယ်သတ်မှတ်ပေးရန် ဆန္ဒရှိသည်။ တဘက်တွင်လည်း ၂၀၁၁ ခုနှစ်က ဦးသိန်းစိန် အစိုးရ နှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်လက်မှတ် ဒုတိယ အကြိမ် ရေးထိုးထားပြီးဖြစ်သည့်အတွက် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို ထပ်မံမထိုးလိုဘဲ နိုင်ရေးစကားဝိုင်းတွင် တိုက်ရိုက်ပါဝင်လိုသည်။ ၎င်းတို့တောင်းဆိုချက်ကို တပ်မတော် နှင့် အစိုးရ က လက်မခံခဲ့ပေ။ သဘောထား မတူညီသည့်အတွက် ယခုကဲ့သို့ စစ်ရေးတင်းမာမှုများ ၊ ဝ နှင့် မိုင်းလားကြား ကြားဝင်စွပ်ဖက်မှုများ ဖြစ်လာရခြင်းဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
တပ်ဆုတ်ပေးရန်တပ်မတော်ညွှန်ကြားမှု ဝ တပ်ဖွဲ့လက်မခံ - တောင်ပိုင်း ဝ တပ်ဖွဲ့ထိန်းချုပ်နယ်မြေအထိ စစ်ရေးတင်းမာမှုပျံ့နှံ့ တပ်ဆုတ်ပေးရန်တပ်မတော်ညွှန်ကြားမှု ဝ တပ်ဖွဲ့လက်မခံ - တောင်ပိုင်း ဝ တပ်ဖွဲ့ထိန်းချုပ်နယ်မြေအထိ စစ်ရေးတင်းမာမှုပျံ့နှံ့ Reviewed by THITHTOOLWIN on 07:14 Rating: 5
Powered by Blogger.