တပ်မတော်မှ ရွာသားများအား စစ်ကြောင်းကြား ညှပ်၍ရှေ့တန်းထွက်

ဓါတ်ပုံ- တုံလောအထွက်လမ်းက အစိုးရစစ်ကြောင်းအားတွေ့ရစဉ် ၊ စစ်ကြောင်းကြား ရွာသူများကိုပါခေါ်ဆောင်သွားသည်ကိုတွေ့ရ
အောက်တိုဘာ ၆ ရက် ၂၀၁၆

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းကိုင်မြို့နယ်အတွင်းရှိ သျှမ်းပြည်တပ် မတော် RCSS/SSA တပ်စခန်းအား အစိုးရတပ်မတော် ထိုးစစ်ဆင်တိုက်ခိုက်စဉ် အတွင်း ဒေသခံများအား တပ်မတော် စစ်ကြောင်းနှင့် အတူ ဒေသအတွင်းသွား လာ လှုပ်ရှားစေသည်ဟု မျက်မြင်များက ပြောသည်။

အောက်တိုဘာ ၁ ရက်နေ့မှစ၍ သျှမ်းပြည်တောင်ပိုင်း နှင့် မြောက်ပိုင်း နယ်ခြား တလျှောက် မိုင်းကိုင်၊ သီပေါ၊ ကျောက်မဲမြို့နယ်ကြားဒေသတို့တွင် RCSS/ SSA နှင့် အစိုး ရ တပ်မတော် ထိုးစစ်ဆင် တိုက်ခိုက်မှုများဖြစ်ပွါးရာ အစိုးရ တပ်မတော် ၏ စစ်ကြောင်းများက မိုင်းကိုင်မြို့နယ် တုံလောဝ်ကျေးရွာ အုပ်စုဝင် ပန်ပွဲ၊ ကုန်းဆာ၊ နားလွယ်၊ ဖေါင်းဆိုင်စသည့် ကျေးရွာများမှ ရွာခံများအား စစ်ကြောင်းကြားညှပ်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြသည်။

“ရွာထဲဝင်လာတာ စစ်သားအယောက် ၃၀ လောက်ရှိမယ်။ ရွာသူရွာသားက ၁၀ ယောက်ကျော်တယ်။ စစ်ကြောင်း ကြားညှပ်ပြီးခေါ် သွားတာ” - ဟု စစ်ဘေးရှောင် ကူညီသူ စိုင်းလျဲန်း က ပြောသည်။

ရွာခံအကြီးအကဲ တဦးက အခု တပ်မတော်က ဖမ်းသွားတာက - “ တုံလောဝ်ရွာက ၂ ဦးပါတယ်။ ရွာထဲမှာ ဝင်ဖမ်း တာတော့မဟုတ်ဘူး။ RCSS ကို ထိုးစစ်ဆင်တုန်း ဖမ်းသွားတာဖြစ်တယ်။ အများအားဖြင့် RCSS/SSA ထံ အကျင့် စာရိတ္တပြုပြင်သူ နဲ့ သူတို့တွေအတွက် ထမင်းဟင်းချက်ပေးတဲ့ သူတွေ ဖြစ်တယ်။ လှုပ်ရှားတဲ့ လမ်းကြောင်း တလျှောက်ကောက်ခေါ်သွားတယ် ပြန်မလွတ်ပေးဘူး” - ဟု သျှမ်းသံတော်ဆင့်ထံ ပြောသည်။

အစိုးရစစ်ကြောင်းနှင့်ပါသွားသော ရွာသားများတွင် အမျိုးသမီးရွာသူတချို့လည်း ပါဝင်သည်ဟု ကိုယ်တိုင်မြင်တွေ့ရသူများကပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုး ထားသည့် တပ်ဖွဲ့ ဖြစ်သည့်အားလျော်စွာ မည်သည့် ဘက်က မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အင်အား သုံးဖြေရှင်းသည့် ကိစ္စမဖြစ် သင့်ကြောင်း၊ အပစ်အခတ်ပူးတွဲစောင့်ကြည့်ရေးကော်မတီလည်း ဖွဲ့စည်း ထားပြီးဖြစ်သောကြောင့် ထိုကော်မတီမှတဆင့် နှစ်ဘက်လက်တွဲ ဖြေရှင်း သင့်ေ ကြာင်း မြန်မာ့ငြိမ်း ချမ်းရေးအား ကူညီပံ့ပိုးပေးသည့် ပြည်ထောင်စုအင်တီကျု ဒါရိုက်တာ ဦးခွန်စိုင်းက ပြောသည်။

RCSS/SSA မှ မူးယစ်ဆေးဝါးသုံးစွဲသူများအား မိုင်းကိုင် - သီပေါ ကားလမ်းမပေါ် ရှိ တုံလောဝ်အုပ်စု နှင့် နမ့်လမ်တိုက်နယ် တို့အပေါ် အထိ လာရောက်ဖမ်းဆီးစဉ် မူးယစ်ဆေးဝါးနှင့်ပတ်သက်ဆက်နွယ် သည့်တပ်မတော်သားတဦးပါ ဖမ်းဆီး သွားေ သာကြောင့် တန်ပြန်တိုက်ခိုက်ခြင်းဖြစ်သည်ဟု လေ့ လာ စောင့်ကြည့်သူ များကပြောသည်။

သျှမ်းသံတော်ဆင့် / ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
တပ်မတော်မှ ရွာသားများအား စစ်ကြောင်းကြား ညှပ်၍ရှေ့တန်းထွက် တပ်မတော်မှ ရွာသားများအား စစ်ကြောင်းကြား ညှပ်၍ရှေ့တန်းထွက် Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.