ရပ်ကွက်ဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေချိန် လွှတ်တော်ကိုယ်စားလှယ်၏နေအိမ်ကို သူခိုးဝင်


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ၁၄ ရပ်ကွက်၊ မြနန္ဒာ ၃ လမ်း၊ တိုက် ၁၂၀၊ အခန်း ၀၀၄ ရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၏နေအိမ်သို့ ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က သူခိုးဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စ ဖြစ်ပွားချိန်တွင် ဦးကျော်ကျော်ထွန်းမှာ ရပ်ကွက်ဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် နေ့အိမ်တွင်မရှိကြောင်း၊ နေ့အိမ်၌ အသက် ၈၂ အရွယ်ဖခင်နှင့် အသက် ၁၄ နှစ်အရွယ်သားဖြစ်သူတို့ရှိနေကြောင်း၊ သားဖြစ်သူမှာ အိပ်နေပြီး အိမ်အတွင်းသို့ သူခိုးဝင်ရောက်လာသည်ကို ဦးကျော်ကျော်ထွန်း၏ဖခင်မှသိရှိ၍နီးစပ်ရာသို့ အကူအညီတောင်းခဲ့ကြောင်း ၎င်းကပြောသည်။


ယင်းသို့ အော်ဟစ်အကူအညီတောင်းခဲ့သည့်အတွက် နေအိမ်သို့ဝင်ရောက်ခဲ့သူမှာ ထွက်ပြေးသွားပြီး ဖုန်းတလုံးသာပါသွားခဲ့ကြောင်းနှင့် အခြားမည်သည့်ပစ္စည်းမှ ပါမသွားကြောင်း၊ သူခိုးမှာ သီရိမြိုင်ဘူတာဘက်သို့ ထွက်ပြေးလွှတ်မြောက်သွားကြောင်း ၄င်းကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်နေအိမ်သို့ ၀င်ရောက်ခဲ့သူမှာ အသားဖြူဖြူ၊ ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနှင့် ရင်ဘတ်တွင်ဆေးမှင်ကြောင်ပါရှိပြီး ဘေးလွယ်အိတ်လွယ်ထားကြောင်းနှင့် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ပိတောက်မြိုင်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

"ကျွန်တော်က လမ်းကိစ္စတခု ဆောင်ရွက်နေတဲ့အတွက် အပြင်ရောက်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်အိမ်ကို နေ့ခင်းကြောင်တောင် အတင့်ရဲရဲပြီးဝင်ခိုးတယ်။ ပြီးတော့ သူခိုးက ဓါးလည်းပါတယ်။ အိမ်မှာရှိနေတဲ့ အသက်အရွယ်ကြီးတဲ့သူကို ဘာမှလုပ်မသွားလို့ တော်သေးတာပေါ့။ ဒါတွေဟာ တရားဥပဒေစိုးမိုးရေးလျော့နည်းနေကြောင်း ပြဿနာတာပါ။ ဒါကြောင့် တရားဥပဒေစိုးမိုးရေးကို ထိရောက်အောင် ဆောင်ရွက်သင့်ပါပြီ”ဟု ဦးကျော်ကျော်ထွန်းကပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရပ်ကွက်ဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေချိန် လွှတ်တော်ကိုယ်စားလှယ်၏နေအိမ်ကို သူခိုးဝင် ရပ်ကွက်ဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေချိန် လွှတ်တော်ကိုယ်စားလှယ်၏နေအိမ်ကို သူခိုးဝင် Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.