ရန်ကုန်ကားအရောင်းစင်တာများတွင် ဒီဇင်ဘာ ၃၁ ကျော်သည်နှင့် အမှိုက်ဖြစ်သွားမည့် ကားစီးရေသောင်းကျော်ရှိနေ

သီလ၀ါဆိပ်ကမ်း၌ စုပုံနေသည့် ကားများအား တွေ့ရစဉ်
စီးပွားရေးမြို့တော်ရန်ကုန်တွင် အခြေစိုက်ဖွင့်လှစ်ထားသော မော်တော်ယာဉ်အရောင်းစင်တာများ၏ လက်ထဲတွင် စလစ်မကပ်ရသေးသော ကားအစီးရေသောင်းကျော်ရှိနေပြီး ၀ယ်သူမရှိပါက ကျပ်သိန်း ပေါင်းများစွာ ဆုံးရှုံးရတော့မည့်အခြေအနေသို့ ဆိုက်ရောက်နေကြောင်း မော်တော်ယာဉ်အရောင်းစင်တာ ဖွင့်လှစ်လုပ်ကိုင်နေသူများထံမှ သိရသည်။

မော်တော်ယာဉ်အရောင်းစင်တာများအနေဖြင့် ပြည်ပမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ခွင့်ပြုခဲ့သည့် သွင်းကုန်လိုင်စင်ပါ မော်တော်ယာဉ်များအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်မီ အပြီးရောင်းချရန်နှင့် ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို အပြီးဆောင်ရွက်ရန်လိုကြောင်း၊ ရောင်းချနိုင်ခြင်းမရှိသည့် မော်တော်ယာဉ်များအား သက်ဆိုင်ရာကုမ္ပဏီအစီအစဉ်ဖြင့် မူရင်းနိုင်ငံသို့ ပြန်လည်တင်ပို့ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မော်တော်ယာဉ်အရောင်းစင်တာ မြေပြင်စစ်ဆေးရေးအဖွဲ့မှ စင်တာများထံသို့ အကြောင်းကြားစာပေးပို့ပြီးနောက်ပိုင်း အထက်ပါအတိုင်း ကျပ်သိန်းပေါင်းများစွာ ဆုံးရှုံးရမည့် အခြေအနေဖြစ်ကြောင်း အရောင်းစင်တာဖွင့်လှစ်ထားသူ ဦးရန်မျိုးအောင်က News Watch သို့ ပြောကြားသည်။

''ဒီပုံစံအတိုင်းဆိုရင် ကျွန်တော်တို့က သေချာပေါက် စလစ်ကပ်ရတော့မယ်။ နောက်ထပ် ညွှန်ကြားချက်တစုံတရာ မထွက်မချင်းပေါ့။ လက်ရှိမှာလည်း ကားဈေးကွက်က အေးနေတယ်။ အရောင်းအ၀ယ် ကလည်း မရှိသလောက်ဖြစ်နေတယ်။ ကားဈေးတွေကလည်း အီသွားတာပေါ့။ ဒီ ကားတွေကို ပြန်ပို့ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ။ နောက်ဆုံးဒီကားတွေကို သင်္ဘောနဲ့တင်ပြီးတနေရာမှာ သွားပစ်လိုက်ရဖို့ပဲရှိတယ်'' ဟု ၎င်းကကြုံတွေ့နေရသည့်အခြေအနေကို ပြောပြသည်။

စလစ်ဈေးမှာ လက်ရှိအချိန်တွင် ကျပ်သိန်း ၁၁၀ ခန့်ရှိနေသဖြင့် တင်သွင်းခဲ့သော ကားအားလုံးကို စလစ်ဝယ်ကပ်ရန်မှာ မလွယ်ကူကြောင်း၊ စလစ်ကပ်ပြီး နံပါတ်ရသည်ဆိုသော်လည်း နံပါတ် (အက္ခရာ) အနိမ့်ဖြစ်လျှင် ၀ယ်သူမကြိုက်ဖြစ်တတ်ကြောင်း၊ ရင်းနှီးရမည့် ငွေကြေးများပြားလွန်းသဖြင့် မော်တော်ယာဉ်တင်သွင်းရောင်းချသူများအား ဘေးကျပ်နံကျပ်ဖြစ်နေကြောင်း အသင်းဝင်လုပ်ငန်းရှင်များထံမှ သိရသည်။

''အခု အရောင်းစင်တာတွေမှာ တနှစ်အတွင်း မရောင်းရသေးတဲ့ မော်တော်ယာဉ်တွေနဲ့ လုပ်ငန်းရပ်ဆိုင်းလို့ ကျန်ရှိနေတဲ့ မော်တော်ယာဉ်တွေကို စလစ်ကပ်ရမယ်။ မကပ်ဘူးဆိုရင် ပြန်ပို့ရမယ်။ ဒီနှစ်ခုထဲမှာ တော်တော်များများလုပ်ငန်းရှင်တွေက ပြန်ပို့ဖို့ မဖြစ်နိုင်ဘူး။ စလစ်ဝယ်ကပ်ရင်ကပ် မကပ်ရင် ရတဲ့ဈေးနဲ့ ရောင်းရမယ်။ အများစုကတော့ ရတဲ့ဈေးနဲ့ ရောင်းရင်ဈေးက အီသွားမယ်'' ဟု Bagan Automotive ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

အရောင်းစင်တာများအနေဖြင့် ထပ်မံရင်ဆိုင်နေရသော အခက်အခဲမှာ စလစ်လုံလောက်မှုမရှိခြင်းဖြစ်ကြောင်း၊ တင်သွင်းပြီး ကားများကို ပြန်မပို့ချင်သဖြင့် စလစ်ကပ်ရန် ကြိုးစားမည်ဆိုလျှင် ကားတစီးသိန်းတရာ (ခန့်မှန်းစလစ်တန်ဖိုး) ဖြင့် စင်တာတွင်ရှိသမျှ ကားအရေအတွက်အတိုင်း ငွေကြေးရင်းနှီးမြှုပ်နှံရန် ခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားကူးသန်း၏ စင်တာများထံသို့ အကြောင်းကြားစာသတင်းထွက်ပေါ်လာပြီးနောက် စလစ်ဈေးမှာ ကျပ်သိန်း ၁၀၀ အထက်သို့ ချက်ချင်းဆိုသလို ရောက်ရှိသွားပြီး ကျပ်သိန်း ၁၅၀ ခန့်အထိပင် ရောက်ရှိသွားနိုင်ကြောင်း စင်တာဖွင့်လှစ်လုပ်ကိုင်နေသူများက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက စလစ်အစား အခြားကောင်းမွန်သောနည်းလမ်းတခုဖြင့် အစားထိုးသွားနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံသို့ တင်ပြထားသည်ဟု ဆိုသည်။

''စလစ်တစောင်ကို သိန်း ၅၀ လောက်ပေါ့။ တခုခုပေါ့။ လုပ်ငန်းရှင်တွေ ဘက်ကအဆင်ပြေနိုင်မယ့် နည်းလမ်း တွေကို တင်ပြထားတယ်လို့ သိရတယ်'' ဟု ဦးရန်မျိုးအောင်က ဆိုသည်။
စင်တာများထံသို့ အကြောင်းကြားစာပို့သည်မှာ ပြည်ထောင်စုအစိုးရထံမှ မဟုတ်သည့်အတွက် လာမည့် ၂၀၁၇ ခုနှစ်အတွက် အစိုးရ၏မော်တော်ယာဉ်မူဝါဒကို လုပ်ငန်းရှင်များဘက်မှ သိရှိလိုကြောင်း ဦးရန်မျိုးအောင်က ဆက်လက်ပြောကြားသည်။

''မျှော်လင့်လို့ရတာက မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒပြောင်းဖို့ ရှိတယ်လို့ ကြားရတယ်။ မော်ဒယ်အပြောင်းအလဲလည်း ရှိနိုင်တယ်လို့ သတင်းတွေကြားရတယ်။ စလစ်နှုန်းထားအပြောင်းအလဲရှိ မယ်လို့လည်း ကြားရတယ်။ အောက်တိုဘာ အကုန်လောက်မှာလို့ ကြားရတာပါပဲ'' ဟု ၎င်းက ပြောသည်။

ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ရောင်းချနိုင်ခြင်းမရှိသော ကားများကို ပြန်ပို့ရန်အတွက် ၁၀၀ ရာခိုင်နှုန်း မဖြစ်နိုင်ကြောင်း၊ ကားများကို လက်ငင်းငွေချေပြီး ၀ယ်ယူထားခြင်းဖြစ်ကြောင်း၊ ကားတစီး၏ တန်ဖိုးမှာ ဂျပန်နိုင်ငံတွင် ကျပ် ၁၀ သိန်း၊ သိန်း ၂၀ ခန့်သာရှိကြောင်း၊ အစိုးရက ပြန်ပို့ရန်ခွင့်ပြုသည်ဆိုသော်လည်း ဂျပန်နိုင်ငံမှ ပြန်လည်လက်ခံမည်မဟုတ်ကြောင်း လုပ်ငန်းရှင်များကဆိုသည်။

''ဒီကားတွေကို သင်္ဘောနဲ့တင်ပြီး တနေရာမှာ သွားပစ်ချမှပဲရတော့မယ်'' ဟု ဦးရန်မျိုးအောင်က ဖြည့်စွက်ပြောကြားသည်။

AT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ရန်ကုန်ကားအရောင်းစင်တာများတွင် ဒီဇင်ဘာ ၃၁ ကျော်သည်နှင့် အမှိုက်ဖြစ်သွားမည့် ကားစီးရေသောင်းကျော်ရှိနေ ရန်ကုန်ကားအရောင်းစင်တာများတွင် ဒီဇင်ဘာ ၃၁ ကျော်သည်နှင့် အမှိုက်ဖြစ်သွားမည့် ကားစီးရေသောင်းကျော်ရှိနေ Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.