ကျိုက္ကော်၊ အောက်တိုဘာ ၁၉
ကျေးလက်အလှူမင်္ဂလာနှင့် ပွဲလမ်းသဘင်များတွင် ဖွင့်သော သီချင်းများနှင့် ပတ်သက်၍ ကန့်သတ်ကြပ်မတ်မှုများရှိလာကြောင်း မွန်ပြည်နယ်၊ သထုံခရိုင်၊ သုဝဏ္ဏဝတီ(ယခင် ကျိုက္ကော်) မြို့နယ်အတွင်းရှိ ကျေးရွာများမှ သိရပါတယ်။
"ဘုန်းကြီးကျောင်းတွေမှာ လုပ်တဲ့အလှူဆိုရင် ဘာသာသနာနဲ့ပတ်သက်တဲ့ သီချင်းပဲ ဖွင့်ရပါ တယ်၊ မင်္ဂလာဆောင်ဆိုလည်း မင်္ဂလာသီချင်းပဲ ဖွင့်ရတယ်၊ တခြားသီချင်းတွေ ဖွင့်လို့မရဘူး၊ ဘုရားပွဲတွေမှာ ဒုန်းဒုန်းဒိုင်းဒိုင်း သီချင်းတွေ ဖွင့်လို့မရဘူး၊ ဖွင့်ခွင့်လည်း မပြုပါဘူး"ဟု ယင်းမြို့ နယ်အတွင်း ရှိ ငုတ္တို ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုပါတယ်။
ထိုသို့ကန့်သတ်ထားသည့် အကြောင်းကို မြို့နယ်သံဃမဟာ နာယကဆရာ တော်များ အပါအဝင် ဒေသဆိုင်ရာ အာဏာပိုင်များက အစည်းအဝေးပြုလုပ်ခဲ့ကြပြီးနောက် ကျေးရွာ အုပ်ချုပ် ရေး မှူးများမှတစ်ဆင့် ကျေးရွာ အတွင်းရှိ လူပျိုခေါင်းဆောင်၊ အပျိုခေါင်းဆောင်များထံသို့ အကြောင်းကြားထားကာ အသိပေးခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
"အလှူလုပ်မယ်ဆိုရင် ဖိတ်စာကိုကျေးရွာ အုပ်ချုပ်ရေးမှူးဆီကို နှစ်ရက်လောက်ကြိုတင် အကြောင်းကြား ပေးပို့ရပါတယ်"ဟု ကျေးရွာ အပျိုတော်ခေါင်းဆောင် တစ်ဦးဖြစ်သော ဒေါ်ရွှေလုံးက ဆိုပါတယ်။ ထိုအလှူပွဲတော်များအတွင်း မသက်ဆိုင်တဲ့ တေးသီချင်းများ ဖွင့်ပါက ကျေးရွာ အုပ်ချုပ်ရေးမှူးက ခေါ်ယူသတိပေးမှုများ ပြုလုပ်၍ ဝန်ခံကတိရေးထိုးစေကြောင်းလည်း သိရပါတယ်။
ကျေးလက်ပွဲလမ်းသဘင်များအတွက် တေးသီချင်းဖွင့်လှစ်မှုကို နံနက် ၄နာရီမှ ည ၉ နာရီ အတွင်းသာ ခွင့်ပြုကန့်သတ်ထားလျက်ရှိပါတယ်။
"ရွာတွေမှာ အရင်တုန်းကဆိုရင် မင်္ဂလာဆောင်ရှိတဲ့အခါ ညလုံးပေါက် ကာရာအိုကေ ဆိုတာတွေ တေးသီချင်းဖွင့်တာတွေကို လုပ်လို့ရတယ်၊ ပျော်ဖို့လည်း အရမ်းကောင်းတယ်၊ အခုနောက်ပိုင်း ခွင့်မပြုတော့တဲ့အတွက် ညဘက်ဆိုရင် ည ၉နာရီ ထိုးတာနဲ့ ဖွင့်လို့မရတော့ဘူး၊ ဆောင်းဘောက်တွေကို အကုန်ပိတ်ရပါတယ်"ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုမင်းမင်းက ဆက်လက်ရှင်းပြခဲ့ပါတယ်။
ဖြိုးဝေအောင်
ဓာတ်ပုံ- ငုတ္တိုရွာလမ်းမပေါ် မြင်ရစဉ်
china.com Myanmar
https://www.facebook.com/china.com.mm/
အလှူ ပွဲလမ်းသဘင်များ၌ ဖွင့်သည့်သီချင်းများအပေါ် ကြပ်မတ်မှုများရှိလာ
Reviewed by THITHTOOLWIN
on
16:46
Rating:
