ဗျောက်အိုးရောင်းချခြင်း၊ ပစ်ဖောက်ခြင်း လုံးဝမပြုလုပ်ရ အမိန့်ထုတ်


ကလေး၊ စက်တင်ဘာ ၃၀။

ကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စည်းကမ်းမဲ့ ဗျောက်အိုးများ ရောင်းဝယ်ခြင်း ပစ်ဖောက်ခြင်းများ မပြုလုပ်ရန် ဒေသန္တရ ဥပဒေတစ်ရပ် ထုတ်ပြန်တားမြစ်ထားသည်ဟု ကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ပြည်သူများ အထိတ်တလန့်ဖြစ်စေသည့်အပြင် ပြည်သူလူထု အန္တရာယ် ဖြစ်စေနိုင်ခြင်း ၊ ဗျောက်အိုးဖောက်သံနှင့်အတူ မသမာသူများမှ အခွင့်ကောင်းယူကာ ဝင်ရောက်နှောင့်ယှက်မှုများလည်း ဖြစ်လာနိုင်ဟုဆိုကာ ကလေးမြို့နယ်အတွင်း ဗျောက်အိုးများရောင်းချခြင်း ၊ ဗျောက်အိုးများပစ်ဖောက်ခြင်းများ လုံးဝ မပြုလုပ်ရန် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၈၈အရ တားမြစ်အမိန့်ကို မြို့နယ်ထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ကလေးမြို့ က စက်တင်ဘာ၂၆ရက် ရက်စွဲဖြင့်ထုတ်ပြန်ခြင်း ဖြစ်သည်။

" ကျွန်မတို့က ဗျောက်ရောင်းတယ်ဟိုးတုန်းကစပေါ့ ရိုးရာပွဲတော်အတွင်းမှာ ကလေးငယ်တွေ ပျော်ရွှင်စေချင်တယ်။ ကျွန်မတို့ကိုယ်တိုင်လည်း ငယ်ငယ်ကတည်က မီးထွန်းတယ် ဗျောက်ဖောက်ကြတယ်။ အရမ်းပျော်တယ်။ ဒါကြောင့်ပွဲတော်ရက်အတွင်းမှာ ခွင့်ပြုစေချင်တယ်။ တအားပြင်း၊ တအားယမ်းများတဲ့ ဗျောက်တွေလည်း မရောင်းပါဘူး"ဟု ကလေးမြို့မှ သီတင်းကျွတ်ဆီမီး၊မီးပုံး၊ဗျောက်၊မီးပန်းများ ရောင်းချသည့် ဆိုင်ရှင်တစ်ဦးက ပြောကြားသည်။


မြန်မာ့ရိုးရာပွဲတော်များဖြစ်ကြသည့် သီတင်းကျွတ်ပွဲတော်၊တန်ဆောင်တိုင်ပွဲတော်များတွင် မီးရှူးမီးပန်းများ၊ ဗျောက်အိုးဖောက်ခြင်းများအပေါ် စနစ်တကျ ပျှော်ရွှင်စေတတ်ရန် ရည်ရွယ်ပြီး ဒေသန္တရ အမိန့်ထုတ်ခြင်းဖြစ်ကြောင်း ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

"ပွဲတော်ရက်တွေမှာ စည်းကမ်းမဲ့ ဟိုဖောက် သည်ဖောက်မလုပ်ဘဲနဲ့ တစ်နေရာထဲမှာ ဘာပွဲကျင်းပမယ် ၊ အဲ့သည်ပွဲမှာ ဗျောက်အိုးဖောက်ခွင့်တောင်းဆိုရင် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ခွင့်ပြုသင့်တယ်ဆိုရင် ခွင့်ပြုမယ်"ဟု ကလေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဖြိုးက ပြောသည်။

ထုတ်ပြန်ချက်အမိန့်ကို လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်၌ ပါရှိသည်။

"သားတို့ကတော့ ဗျောက်ဖောက်တာနဲ့ပတ်သက်ပြီး နေရာတစ်ခုပေါ့ သူများနိုင်ငံတွေလို့ မြို့ပြင်ဖြစ်ဖြစ် တစ်နေရာရာပေါ့ သီတင်းကျွတ်အတွင်း ဗျောက်ဖောက်ဖို့ မီးရှူး၊မီးပန်းတွေ၊ မီးပုံးပျံလေးတွေ၊ လွှတ်ဖို့ဖောက်ဖို့လူကြီးတွေကလုပ်ပေးသင့်တယ်။သားတို့တွေ့တာ လမ်းတွေမှာ လျှောက်သွားပြီး၊ပွဲတော်ရက်တွေမှာ လူကြားထဲတွေ ဗျောက်တွေ ပစ်ဖောက်တာကြတော့မကောင်းဘူး ၊ မလုပ်သင့်ဘူးပေါ့နော်။နေရာလေးတစ်ခု စီစဉ်ပေးရင်တော့ နယ်ကလာတဲ့သူတွေကောပေါ့ ပိုပျော်စရာ ကောင်းမယ်ထင်တယ်"ဟု ကလေးမြို့နေ လူငယ်တစ်ဦးက ပြောသည်။

စည်သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar
ဗျောက်အိုးရောင်းချခြင်း၊ ပစ်ဖောက်ခြင်း လုံးဝမပြုလုပ်ရ အမိန့်ထုတ် ဗျောက်အိုးရောင်းချခြင်း၊ ပစ်ဖောက်ခြင်း လုံးဝမပြုလုပ်ရ အမိန့်ထုတ် Reviewed by THITHTOOLWIN on 04:49 Rating: 5
Powered by Blogger.