![]() |
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကို တွေ့ရစဉ်။ Photo: မအူပင်စိန်ဝင်း/ Facebook |
မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက အော့ချက်(ဒ်) ကုမ္ပဏီ ပိုင်ရှင်နဲ့ ဦးသက်ကိုလေးတို့ဟာ သူ့ရဲ့လက်မှတ်နဲ့ မမှန်မကန်တဲ့ စာသားတွေကို ဖြန့်ဝေခဲ့တာကြောင့် အမှု ဖွင့်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
"အန်ကယ်ရဲ့လက်မှတ်တွေကို အသုံးပြုပြီးတော့ သူတို့က ဖြတ်ကပ်ညှပ်တွေ၊ မမှန်မကန် စာရွက်၊ စာသားတွေ ဖော်ပြပြီးတော့ အဲစာရွက်တွေ ပါတဲ့ဟာကို တောင်သူလယ်သမားတွေကို ဝေတာ၊ တောင်သူလယ်သမားတွေက ကိုယ်စားလှယ်ကြီး အရင်တုန်းကတော့ ကျနော်တို့ဘက်က ထောက်ခံပြီးတော့ အခုကျတော့ ဒေါက်တာ မြင့်စိန် ဘက်က ထောက်ခံတယ်၊ ဘာ့ကြောင့် ဒီလိုဖြစ်တာလဲ၊ ဥပဒေအတိုင်း အရေးယူပေးရင်ပေး၊ မပေးရင် အန်ကယ်နဲ့ NLD ကို ဆန္ဒပြမယ် ဆိုတဲ့အထိ စောဒက တက်လာတဲ့အတွက်အန်ကယ်က ၂၁ ရက်နေ့မှာ အမှုဖွင့်လိုက်တယ်၊ ၂၂ ရက်နေ့မှာ အမှုကို လက်ခံတယ်၊ အဓိက ကတော့ အော့ချက်(ဒ်) ကုမ္ပဏီ ပိုင်ရှင် ဒေါက်တာမြင့်စိန်က အဓိက ကျပါတယ်၊ ဟို ၃ ဦး ကတော့ ဖြန့်ဝေတဲ့ပုံစံနဲ့ သူတို့က ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်"
အော့ချက်(ဒ်) ကုမ္ပဏီ ပိုင်ရှင် ဒေါက်တာမြင့်စိန်၊ မအူပင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုလေး၊ မအူပင်မြို့နယ် NLD ပါတီဥက္ကဌ ဦးမောင်မောင်နဲ့ ဧရာဝတီတိုင်း NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမောင်မောင် တို့ ၄ ဦးကို အမှုဖွင့်ထား တာဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီဗဟိုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က စာပေးပို့ အကြောင်းကြား ထားတယ်လို့လည်း ဦးစိန်ဝင်းက ပြောပါတယ်။ ဦးစိန်ဝင်းဟာ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ ဖြစ်ပြီး သူ့ရဲ့ လက်မှတ်ပါတဲ့ စာရွက်၊ စာတမ်းတွေကို မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုအတွင်း ပြီးခဲ့တဲ့ စက်တင်ဘာလလယ်ပိုင်း ကစပြီး ပျံ့နှံ့နေတာ ဖြစ်တယ်လို့ ပြောပါတယ်။
အော့ချက်(ဒ်) ကုမ္ပဏီဟာ မလက်တိုကျေးရွာမှာ စပါးစိုက်ပျိုးရေးနဲ့ ငါးမွေးမြူရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အတွက်ဆိုပြီး လယ်ယာမြေဧက တစ်ထောင်ကျော် ကို ၁၉၉၆ ခုနှစ်ထဲက သိမ်းယူထားခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်တာတွေ မရှိတဲ့အတွက် ဒေသခံတောင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အော့ချက်(ဒ်)ကုမ္ပဏီကို ထောက်ခံပြီး ဦးစိန်ဝင်းက လက်မှတ်ရေးထိုးထားတဲ့ စာရွက် စာတမ်းတွေဟာ ဒေသခံတောင်သူတွေအကြားမှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် က တိုင်းလွှတ်တော်ကိုယ်စားလှယ် အပါအ၀င် ၄ ဦးကို အမှုဖွင့်
Reviewed by THITHTOOLWIN
on
21:15
Rating:
