ကျိုက်ထီးရိုးဘုရားဖူး ဧည့်သည်များ သတ်မှတ်လှူ ဒါန်း ငွေ ဖြင့် တည်းခိုဆောင်များတွင် တည်းခိုနိုင်


ရန်ကုန် အောက်တိုဘာ ၂၄

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင်ရှိသော ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်သည့် ဘုရားဖူးခရီးသွား ဧည့်သည် များအနေဖြင့် တည်းခိုရာတွင် သတ်မှတ် လှူဒါန်းငွေများဖြင့်လည်း တည်းခိုနိုင်ကြောင်း ဘုရားဖူးများထံမှ သိရသည်။

အဆိုပါ တည်းခိုမှုကို စေတီတော် ရင်ပြင်ရှိ ဓမ္မာရုံနှင့် အဆောင်များတွင် တည်းခိုနိုင်ပြီး သတ်မှတ်အလှူငွေများ ကောက်ခံခြင်းမှာလည်း ဓမ္မာရုံများနှင့် တည်းခိုဆောင် များကို ပုံစံမပျက်ရေရှည်တည်တံ့စေရန် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရခြင်း၊ လက်ရှိခန့်အပ်ထားသော ဝန်ထမ်းများ၏ အလုပ်အကိုင် ဆက်လက်ရရှိစေရန်နှင့် ပြင်ဆင်ထိန်းသိမ်းစရိတ်၊ ရေ၊ မီး၊ မိလ္လာနှင့် အခြား အသုံးစရိတ်များအတွက် ကျခံသုံးစွဲရန် ရည်ရွယ်ကာ အလှူငွေများ သတ်မှတ်ထားခြင်းဖြစ်သည်ဟု ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့မှ သိရသည်။

 ''အရင်နှစ်လာတုန်းက လူတအားများတဲ့ အတွက် ပွဲတော်အချိန်တွေမှာဆိုရင် တည်းခိုခတွေ အရမ်းဈေးကြီးပါတယ်။ ရင်ပြင်တော်နားက တည်းခိုးခန်းတွေမှာ ဆိုရင် နှစ် ယောက်ခန်းတစ်ခန်းကို အနည်းဆုံးငွေကျပ် ၅၅ဝဝဝ လောက်ရှိတယ်။ ပွဲတော်ကာလမှာ အဲ့ဒီအခန်းကငွေကျပ် ၈ဝဝဝဝ လောက်ဖြစ် သွားတယ်။ စားစရိတ်ထက် တည်းခိုခတွေ က အရမ်းကိုစရိတ်ထောင်းတယ်။ ဒီနှစ်က တော့ အလှူငွေပဲ ထည့်ခဲ့ရတယ်။ အလှူ ငွေကလည်း အများကြီးမဟုတ်တော့ ကုန်ကျ စရိတ်တွေ သက်သာစေပါတယ်''ဟု မန္တလေး မြို့မှ လာရောက်ဘုရားဖူးသူ ဒေါ်သန်းသန်းမြင့်က ပြောသည်။

ဘုရားဖူးသူများ မည်သူမဆို တည်းခိုနိုင်သော အခမဲ့ဓမ္မာရုံမှာ တိဿဓမ္မာရုံ(မထေရ် ကြီးဝါကြီးဆရာတော်ကြီးများသာ) ပထမထပ်တွင် ရှိသော အခန်းခြောက် ခန်း၊ ဆီမီး ၉ဝဝဝ ဓမ္မာရုံတွင် ပထမထပ်၊ ဒုတိယထပ်၊ တတိယ ထပ်ရင်ပြင်တော်ရှိ ပြည့်စုံဓမ္မာရုံတွင် ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်၊ မုဆိုးတောင် ဘုရားလမ်းရှိ ပြည့်စုံ ဓမ္မာရုံတွင် ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်၊ ရင်ပြင်တော်ရှိ သုံးထပ်ဓမ္မာရုံတွင် ပထမထပ်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သတ်မှတ်အလှူငွေဖြင့် တည်းခိုနိုင်သော ဓမ္မာရုံနှင့် တည်းခိုဆောင်များမှာ တိဿဓမ္မာရုံ ဒုတိယထပ်၊ တတိယထပ်၊ စတုတ္ထထပ်တို့ရှိ အခန်းပေါင်း ၃၉ ခန်း၌ တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ နှုန်း၊ ပေ ၄ဝ ဓမ္မာရုံ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်တို့ရှိ အခန်းပေါင်း ၈ဝ ခန်း၌ တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ နှုန်း၊ သုံးထပ်ဓမ္မာရုံ ဒုတိယထပ်၊ တတိယထပ်၊ စတုတ္ထထပ်တို့ရှိ အခန်းပေါင်း ၆၈ ခန်း၌ တစ်ဦး လျှင် ငွေကျပ် ၅ဝဝဝ နှုန်း၊ ဂေါပကအဖွဲ့ဓမ္မာရုံ ပထမထပ်၊ ဒုတိယထပ် တို့ရှိ အခန်းပေါင်း ၂၇ ခန်း၌ တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ နှုန်း၊ တတိယထပ်၊ စတုတ္ထထပ်နှင့် ပဉ္စမထပ်တို့ရှိ အခန်းပေါင်း ၅ဝ ခန်း၌ တည်းခိုနိုင်သော ဦးရေ ၁ဝ၄ ဦး တို့မှ တစ်ဦးလျှင် ငွေကျပ် ၁၅ဝဝဝ နှုန်းဖြင့် လည်းကောင်း၊ တည်းခိုဆောင်(၁) ကြူကြူ ဝင်းတွင်ရှိသော အခန်းပေါင်း ၂၄ ခန်း၌ တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ နှုန်း၊ ဝင်းတည်းခိုဆောင် (၂)တွင်ရှိသော အခန်းပေါင်း ၃၉ခန်း၌ တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝနှုန်း၊ တည်းခိုဆောင်(၃)၊ (၄)ဖြစ်သော ပွင့်ထူး တည်းခိုဆောင်တွင်ရှိ သည့် အခန်းပေါင်း ၄၆ ခန်း၌ တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ နှုန်း စသည်ဖြင့် သတ်မှတ်ထား သော အလှူငွေ ထည့်သွင်း၍ စုစုပေါင်း ၁၄၄ဝ ဦး တည်းခိုနိုင်ကြောင်း သိရသည်။

ထက်ခိုင်(စမ်းချောင်း)
မြ၀တီ
https://www.facebook.com/mwdmedia/
ကျိုက်ထီးရိုးဘုရားဖူး ဧည့်သည်များ သတ်မှတ်လှူ ဒါန်း ငွေ ဖြင့် တည်းခိုဆောင်များတွင် တည်းခိုနိုင်  ကျိုက်ထီးရိုးဘုရားဖူး ဧည့်သည်များ သတ်မှတ်လှူ ဒါန်း ငွေ ဖြင့် တည်းခိုဆောင်များတွင် တည်းခိုနိုင် Reviewed by THITHTOOLWIN on 11:12 Rating: 5
Powered by Blogger.