ဆေးဝါးအတုလုပ်ငန်းများကို အပြီးသတ်ချေမှုန်းမည်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား


အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံအတွင်းရှိ ဆေးဝါးအတုလုပ်ငန်းများကို အပြီးသတ်ချေမှုန်းအရေးယူသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

''ပြည်သူလူထုနဲ့ လူ့အဖွဲ့အစည်း တခုလုံးကို သားစဉ်မြေးဆက်ဒုက္ခပေးနိုင်တဲ့ လုပ်ငန်း၊ အသက်အန္တရာယ်ထိပါးနိုင်တဲ့ကိစ္စမျိုးဖြစ်တဲ့အတွက် ဒီဘက်ခေတ်အစိုးရလက်ထက်မှာ လုံးဝခွင့်ပြုမှာမဟုတ်ပါ ဘူး၊ ဆေးဝါးအတုလုပ်ငန်းများဟာ ယနေ့ခေတ်မှာတော့ အပြီးသတ်ချေမှုန်းပြီးတော့ ထိုက်သင့်သော အရေးယူမှုများ ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ အခု ဒီလုပ်ငန်းတွေကို အရေးယူဆောင်ရွက်နေပါပြီ၊ စစ်မှန်သောဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းတွေဟာ ကျွန်တော်တို့နဲ့ လက်တွဲဆောင်ရွက်နိုင်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သည့် BPI ဆေးဝါးအတုများ ဖော်ထုတ် ဖမ်းဆီးရရှိမှုနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲအဖွင့်မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့ပြည်ထဲရေးဝန်ကြီးဌာနဟာ စက်မှုဝန်ကြီးဌာနကပေးပို့တဲ့ မူလသတင်းအချက်အလက်တွေအပေါ်မှာအခြေခံပြီး ဆေးဆိုင်တွေကို စောင့်ကြည့်မှု ဦးစွာပြုလုပ်ခဲ့ပါတယ်၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနကို တာဝန်ပေးအပ်ခဲ့တယ်၊ ဒီလုပ်ငန်းဟာ တကယ့်ကို အန္တရာယ်ကြီးမားတဲ့အတွက် အမြန်ဆုံးနဲ့ အထိရောက်ဆုံး ဖော်ထုတ်အရေးယူမှုတွေကို ဆောင်ရွက်ခဲ့ ပါတယ်'' ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြော ကြားသည်။

သြဂုတ်လပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးနှင့် ရွှေပြည့်စုံဈေးတို့တွင် ဆေးဝါးအတု ၄၄ မျိုး၊ တံဆိပ်အတု ၁၈ မျိုး၊ သက်တမ်းလွန်ဆေးဝါး ၉၈ မျိုး သံသယဖြစ်ဖွယ်ဆေးဝါး ၂၁ မျိုး၊ စုစုပေါင်း တန်ဖိုးကျပ် ၂ ဒသမ ၈၀၇ ဘီလီယံသိမ်းဆည်းရမိပြီး ပြစ်မှုကျူးလွန်သူ ၁၄ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

အမျိုးသားဆေးဝါးဥပဒေအရ ဆေးဝါးအတု၊ သက်တမ်းလွန်ဆေးဝါး၊ စံမမီဆေးဝါးများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများ ပြုလုပ်ပါက အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ အရ ဒဏ်ငွေငါးသောင်းမှ ငါးသိန်းအထိဖြစ်စေ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ သို့မဟုတ် ငွေဒဏ်၊ ထောင် ဒဏ် နှစ်ရပ်လုံးကို ချမှတ်နိုင်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဥက္ကာဖြိုးက ပြောသည်။

လင်းယုန်(ဟံသာဝတီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဆေးဝါးအတုလုပ်ငန်းများကို အပြီးသတ်ချေမှုန်းမည်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား ဆေးဝါးအတုလုပ်ငန်းများကို အပြီးသတ်ချေမှုန်းမည်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား Reviewed by THITHTOOLWIN on 09:33 Rating: 5
Powered by Blogger.