ချင်းတွင်းမြစ်အတွင်း ရေယာဉ်နစ်မြုပ်မှုမှ အလောင်းများထပ်မံဆယ်ယူ


စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း နစ်မြုပ် သွားခဲ့တဲ့ ဟုမ္မလင်း-မုံရွာသွား အောင်စိုးမိုးကျော်(၂)ရေယာဉ်ကနေ အလောင်းတစ်ချို့ ထပ်မံဆယ်ယူ ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

ရေယာဉ်နစ်မြုပ်မှုကြောင့်ချင်းတွင်းမြစ်တလျှောက်မှအလောင်းဆယ်ယူရရှိမှုစုစုပေါင်းကတော့ အောက်တိုဘာ(၁၉)ရက်မနက်ပိုင်းအထိ ၄၅ လောင်း ရှိနေပြီလို့ သိရပါတယ်။

 ကွယ်လွန်သူတွေအတွက် ရည်မှန်းပြီး သံဃာတော်တွေကို ပင့်ဖိတ်ကာ ရက်လည်ဆွမ်းကပ်ပြီး အနုမောဒနာတရားနာယူမှုကိုလည်း မိချောင်းတွင်းရွာမှာ အောက်တိုဘာ(၁၉)ရက် မနက်က ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်နိုင်နဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။

ချင်းတွင်းမြစ်အတွင်းကအမြန်ရေယာဉ်နစ်မြုပ်တဲ့နေရာမှာလည်း သံဃာတော်တွေကို စက်လှေတွေနဲ့ ပင့်ဆောင်ကာ ပရိတ်တရားတော်တွေကို ရွတ်ဖတ် အမျှ အတန်းပေးဝေခဲ့ပါတယ်။

 ရေယာဉ်နစ်မြုပ်မှုကြောင့်ချင်းတွင်းမြစ်တလျှောက်ကအလောင်းတွေကိုဆယ်ယူခဲ့ရာမှာကနီမြို့ ရေဝါချောင်းထိပ်မှုာတင် အောက်တိုဘာ(၁၉)ရက်မနက်အထိ အလောင်း(၁၂)လောင်း ဆယ်ယူရရှိထားပြီးဖြစ်ကာ အဲဒီလို ရှာဖွေရေးနဲ့ကယ်ဆယ်ရေးဆောင်ရွက်နေပုံနဲ့ပတ်သက်ပြီးကနီမြို့မရဲစခန်းမှူးဒုရဲမှူးစိုးမြင့်ကရှင်းပြပါတယ်။

 အောက်တိုဘာ(၁၅)ရက်ကနစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော်(၂)ရေယာဉ်ပေါ်မှာပညာရေးဝန်ထမ်းအများအပြားလည်းလိုက်ပါလာခဲ့ပါတယ်။

 ရေယာဉ်တိမ်းမှောက်မှုမှာ ပါဝင်ကာ အသက်ရှင်လျက် နေရပ်ပြန်သွားတဲ့ ဝန်ထမ်းစုစုပေါင်းစာရင်းကတော့ ၃၅ ဦး ဖြစ်ပြီး ပျောက်ဆုံးနေဆဲ ပညာရေး ဝန်ထမ်းစာရင်းကတော့ ၂၉ ဦး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ဒီသတင်းကို မုံရွာဗျူရိုက ဘုန်းနိုင် ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ချင်းတွင်းမြစ်အတွင်း ရေယာဉ်နစ်မြုပ်မှုမှ အလောင်းများထပ်မံဆယ်ယူ  ချင်းတွင်းမြစ်အတွင်း ရေယာဉ်နစ်မြုပ်မှုမှ အလောင်းများထပ်မံဆယ်ယူ Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.