ဗိုလ်တထောင်မြို့နယ်၊(၄၅)လမ်းတွင်လူသတ်မှုဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်မြို့နယ်၊(၄၅)လမ်းအလယ်ဘလောက်၊ အိမ်အမှတ်(၁၇၀)၊(၈)လွှာမှာနေထိုင်တဲ့အမျိုးသားတစ်ဦး အသတ်ခံရပြီးသေဆုံးနေမှုကို အောက်တိုဘာ(၈)ရက် နံနက်အစောပိုင်းကစစ်ဆေးတွေ့ရှိခဲ့တယ်လို့ဗိုလ်တထောင်မြို့မရဲစခန်းကနေသိရပါတယ်။

 ဖြစ်စဉ်မှာအောက်တိုဘာ(၈)ရက်၊နံနက်(၁)နာရီခွဲခန့်က သာကေတမြို့နယ်မှာ နေထိုင်တဲ့ဦးစိုးမင်းကဗိုလ်တထောင်မြို့နယ်၊(၄၅)လမ်းမှာနေထိုင်တဲ့သားဖြစ်သူနဲ့ အဆက်အသွယ်ပြတ်တောက်နေတာတစ်ရက်ခန့်ရှိနေပြီဖြစ်တဲ့အတွက်ရှာဖွေပေးဖို့လာရောက်အကူအညီတောင်းခံတာကြောင့်သားဖြစ်သူနေထိုင်တဲ့တိုက်ခန်းကိုသွား ရောက်ခဲ့ရာမှာသံပန်းတံခါးပတ္တာပြုတ်နေပြီးတိုက်ခန်းအတွင်းမှာ ပျောက်ဆုံးနေသူ ကိုအောင်သူကိုလက်ဝဲ/လက်ယာနှစ်ဖက်လုံးမှာပြတ်ရှဒဏ်ရာတစ်ချက်စီနဲ့လည်ပင်းမှာထိုးသွင်းဒဏ်ရာတစ်ချက်နဲ့လဲကျသေဆုံးနေတာကိုတွေ့ရတာဖြစ်တယ်လို့ဗိုလ်တထောင်မြို့မရဲစခန်းမှူးဒုရဲမှူးသန်းဌေးကပြောပါတယ်။

 သေဆုံးသူဟာသင်္ဘောသားတစ်ဦးဖြစ်ပြီးအခင်းဖြစ်နေအိမ်မှာတစ်ဦးတည်းနေထိုင်သူဖြစ်ကာရန်ငြိုးရန်စလည်းမရှိဘဲအနေအထိုင်အေးသူတစ်ဦးဖြစ်သူဖြစ်တယ်လို့သေဆုံးသူနဲ့အမျိုးတော်စပ်တော်တစ်ဦးရဲ့ပြောကြားချက်အရသိရပါတယ်။

 သေဆုံးသူမှာအောက်တိုဘာ(၇)ရက်၊ညပိုင်းကတည်းကမိဘတွေနေထိုင်တဲ့သာကေတနေအိမ်ကနေပြန်သွားပြီးနောက်ပိုင်းအဆက်အသွယ်မရတော့ဘဲလိုက်လံရှာဖွေရာမှာအခုလိုသေဆုံးနေတာကိုသိရတာဖြစ်တယ်လို့လည်းသိရပါတယ်။

အခင်းဖြစ်ပွားစဉ်ပတ်ဝန်းကျင်မှာတစ်စုံတစ်ရာထူးခြားမှုမရှိဘဲရန်ဖြစ်အော်ဟစ်သံတွေလည်းမကြားရတဲ့အတွက်လူသတ်မှုဖြစ်ပွားတာကိုမသိလိုက်ဘူးလို့အခင်းဖြစ်နေအိမ်ရဲ့ပတ်ဝန်းကျင်မှာနေထိုင်သူတွေရဲ့ပြောကြားချက်အရသိရပါတယ်။

အမှုနဲ့ပတ်သက်ပြီးသေဆုံးသူရဲ့ဖခင်ဖြစ်သူဦးစိုးမင်းကတရားလိုပြုလုပ်တိုင်တန်းတဲ့အတွက်ဗိုလ်တထောင်မြို့မရဲစခန်းက(ပ)၁၇၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ(၃၀၂)နဲ့ အမှုဖွင့်ထားပြီးတရားခံ ဖမ်း ဆီးရမိရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒီသတင်းကို Central News Bureau က သီဟစိုးလွင်ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ဗိုလ်တထောင်မြို့နယ်၊(၄၅)လမ်းတွင်လူသတ်မှုဖြစ်ပွား ဗိုလ်တထောင်မြို့နယ်၊(၄၅)လမ်းတွင်လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:27 Rating: 5
Powered by Blogger.