မိတ္ထီလာ နန်းတော်ကုန်းရပ်ကွက် အိမ်ခြေ ၃၀၀ ခန့် မိုးရေလျှံတက် ၀င်ရောက် မှုဖြစ်ပေါ်


မိတ္ထီလာ အောက်တိုဘာလ ၂

မိတ္ထီလာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိမ်ခြေ ၃၀၀ ခန့် မိုးရေလျှံတက် ၀င်ရောက်မှုဖြစ်ပေါ်လျက် ရှိပြီး ယင်းရေလျှံတက်ဝင်ရောက်သည့်အိမ်ခြေ ၃၀၀ ခန့်အနက် အိမ်ခြေ ၁၄အိမ် ခန့်သာလုံးဝနေထိုင်၍ မရသည့်အနေအထား တွင်သာရှိပြီး ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားခြင်းမျိုးမရှိကြောင်း နန်းတော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှုးထံက သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းတော့ မိုးရေလျှံတက်ပြီးဝင်ရောက်တာ နန်းတော်ကုန်း ရပ်ကွက်ထဲမှာ အိမ်ခြေ ၃၀၀ ခန့် ရှိပါတယ်။ မိုးရေလျှံတက် ၀င်ရောက်တာ မျိုးပဲဖြစ်တာပါ လုံးဝနေထိုင်လို့ မရတော့တာမျိုးတော့ မဟုတ်ပါဘူး ။ မိုးရေလျှံ တက် ၀င်ရောက်တဲ့ အိမ်ခြေ ၃၀၀ အနက်က လုံးဝနေထိုင်လို့  မရတဲ့အိမ်ခြေ ၁၄ အိမ် ခန့်ပဲရှိတာပါ။ ဒါကြောင့် ယာယီ ကယ်ဆယ် ရေးစခန်းဖွင့်လှစ် ထားခြင်း မျိုးတော့ မရှိပါဘူးဟု နန်းတော်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း က ပြောသည်။


နန်းတော်ကုန်းရပ်ကွက်အတွင်း မိုးရေလျှံတက်ဝင်ရောက်သည့် လူနေအိမ်များ အတွင်း မိုးရေများအားလျော့နည်း သွားစေရေးအတွက် မြို့ နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေစုပ်စက်ကြီး ၃ လုံးဖြင့် ရေဆိုးကန်အတွင်းသို့ စုပ်ထုတ်နေပြီးခန့် မှန်း ၇ ရက်ခန့်ကြာမြင့်နိုင်ကြောင်း ယင်းက ဆက်လက်ပြော သည်။

နန်းတော်ကုန်းရပ်ကွက် ချမ်းအေးသာယာနယ်မြေဘက်က နယ်မြေ ၃ ဘက်ကို စီးဆင်းလာတဲ့ မိုးရေတွေကို နယ်မြေ ၇ အနီးအနားမှ စက်နဲ့ မြေဖို့ ပြီး ပိတ်ထားပါတယ်။ ပြီးတော့ လက်ရှိ လူနေအိမ်ခြေတွေ ၀င်ရောက်နေတဲ့ မိုးရေတွေ လျော့နည်းသွားစေဖို့  ရေစက်စုပ် စက်ကြီး ၃ လုံးနဲ့  ရေဆိုးကန် အတွင်းကို စုပ်ထုတ်ပစ်နေပါတယ်။ ကျွန်တော့်အထင် မိုးရေတွေ အားလုံးကုန်သွားဖို့  ဒီကြားထဲမိုးမရွာရင် ၇ ရက်လောက်တော့ကြာမယ် ထင်တယ်ဟု ယင်းက ပြောသည်။

နန်းတော်ကုန်းရပ်ကွက်အတွင်းရှိ အိမ်ခြေ ၃၀၀ ခန့် အပြင် ပေါက်ချောင်း ရပ်ကွက်အတွင်း အိမ်ခြေ ၁၄ အိမ်ခန့်လည်း မိုးရေများလျှံတက် ၀င်ရောက် မှုဖြစ်ပေါ်နေပြီး ပေါက်ချောင်းဈေးနှင့် မူလတန်းကြိုကျောင်းကြား လမ်းမပေါ်တွင် လည်း မိုးရေများလျှံတက်နေသည်မှာ သုံးရက် ခန့်ကြာမြင့်နေပြီဖြစ်သည်။

မိတ္ထီလာကန်တွင်လည်း ကန်ရေပြည့်သည့် အနေအထား တွင်ရှိကာ ကန်လယ် မိုးကောင်းအန္တကူရေလယ်ဘုရားသို့ သွားရောက်ရာ တံတားကိုလည်း ယာယီ ပိတ်ထားသည်။ မိတ္ထီလာကန် ရေကျော် ၇ ပေါက် ရေတံခါးမှလည်း ကန်ရေကို အနည်းငယ်စီလျှော့ချလွှတ်ပေးထားပြီး မိတ္ထီလာ ကန်အောက်ရှိ ကျေးရွာများ တွင် ချောင်းရေမြောင်း ရေလျှံတက်ခြင်း၊ သီးနှံစိုက်ခင်းများအတွင်း ရေများလွှမ်းမိုး ၀င်ရောက် ခြင်း မရှိစေရေးအတွက် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် စောင့်ကြည့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ချမ်းသာ၊ ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိတ္ထီလာ နန်းတော်ကုန်းရပ်ကွက် အိမ်ခြေ ၃၀၀ ခန့် မိုးရေလျှံတက် ၀င်ရောက် မှုဖြစ်ပေါ်  မိတ္ထီလာ နန်းတော်ကုန်းရပ်ကွက် အိမ်ခြေ ၃၀၀ ခန့် မိုးရေလျှံတက် ၀င်ရောက် မှုဖြစ်ပေါ် Reviewed by THITHTOOLWIN on 15:42 Rating: 5
Powered by Blogger.