ခရီးသည် (၇၃) ဦးသေဆုံးသည့် အေးငြိမ်းချမ်းသာရေယာဉ်အသင်းအား ခရီးစဉ်ပြေးဆွဲမှု ယာယီပိတ်သိမ်းမည်

ရေယာဉ်နစ်မြုပ်မှုဖြစ်ပွားခဲ့သည့် အေးငြိမ်းချမ်းသာရေယာဉ်အသင်းအား ခရီးစဉ်ပြေးဆွဲမှု ယာယီပိတ်သိမ်းမည်
မုံရွာ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် မိကျောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း အေးငြိမ်းချမ်းသာရေယာဉ် အသင်းမှ အောင်စိုးမိုးကျော်-၂ (ရွှေသီဟ ရေယာဉ်အမှတ် ဟ/၈၈၄၅) သည် နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ခရီးသည် (၇၃) ဦးသေဆုံးခဲ့ပြီးယခုအခါတွင်စုံစမ်းစစ်ဆေးမှု များပြုလုပ်နေပြီး အမှုအခင်း များ မပြီးပြတ်ခင် ကာလအတွင်း အဆိုပါအေးငြိမ်းချမ်းသာ ရေယာဉ်အသင်း၏ ခရီးစဉ်ပြေးဆွဲမှုများကို ယာယီ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အဆိုပါ အေးငြိမ်းချမ်းသာရေယာဉ်အသင်းမှအောင်စိုးမိုးကျော်-၂(ရွှေသီဟရေယာဉ်အမှတ်ဟ/၈၈၄၅) သည် ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ အစုန်ခရီးမောင်းနှင်စဉ် အောက်တိုဘာလ(၁၅)ရက်နေ့နံနက် (၅)နာရီခန့် တွင် ကနီမြို့နယ် မိကျောင်းတွင်းကျေးရွာအနီးအရောက်တွင် နစ်မြုပ်မှုဖြစ်ပွားခဲ့သဖြင့် ခရီးသည် (၇၃)ဦး သေဆုံးခဲ့သဖြင့် ဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် အမှုအခင်းများဆောင်ရွက်စဉ်ကာလအတွင်း ယာယီပိတ်သိမ်းခြင်း ဖြစ်ကြောင်း သိရသည်။

'' ဒီရေယာဉ်အသင်းရဲ့ ခရီးစဉ်ပြေးဆွဲမှုတွေကို အပြီးပိတ်သိမ်းမှာမဟုတ်ပါဘူး၊ အခုအချိန်မှာ စုံစမ်း စစ်ဆေးမှုတွေလုပ်နေတယ်၊ ပြီးရင်ခရီးသည်များသေဆုံး မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အပြစ်ပေးအရေး ယူမှုတွေ လုပ်နေပါတယ်၊ ဒါကြောင့် အမှုအခင်းပြီးပြတ်တဲ့ကာလအထိယာယီပိတ်သိမ်းသွားမှာပါ၊ အမှုအခင်းတွေပြီး ပြတ်သွားလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရရင်ပြန်လည်ပြေးဆွဲခြင်းကို ခွင့်ပြုပေးသွားမှာပါ ''ဟု တိုင်းဒေသကြီးရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အေးငြိမ်းချမ်းသာလူစီးအမြန်ရေယာဉ်အသင်းတွင် ရေယာဉ် (၂၇)စီးရှိကြောင်းနှင့် အဆိုပါရေယာဉ် များသည် အောင်စိုးမိုးကျော်-၂ (ရွှေသီဟရေယာဉ် အမှတ်ဟ/၈၈၄၅)ရေယာဉ်နစ်မြုပ်မှုနှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှု များပြုလုပ်ခြင်းနှင့် အမှုအခင်းများ မပြီးပြတ်ခင်ကာလအတွင်း ခရီးစဉ်ပြေးဆွဲခွင့်များကို ယာယီ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

မင်းဝေ(မုံရွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ခရီးသည် (၇၃) ဦးသေဆုံးသည့် အေးငြိမ်းချမ်းသာရေယာဉ်အသင်းအား ခရီးစဉ်ပြေးဆွဲမှု ယာယီပိတ်သိမ်းမည် ခရီးသည် (၇၃) ဦးသေဆုံးသည့် အေးငြိမ်းချမ်းသာရေယာဉ်အသင်းအား ခရီးစဉ်ပြေးဆွဲမှု ယာယီပိတ်သိမ်းမည် Reviewed by THITHTOOLWIN on 16:33 Rating: 5
Powered by Blogger.