အင်းဝအပ်ချုပ်ဆိုင်မိသားစု နှိပ်စက်ညှဉ်းပန်းမှုကိုခံခဲ့ရသည့် မသဇင် စိတ်ရောဂါကု ဆရာဝန်နှင့်ကုသနေရ၊ မဆန်းကေခိုင် လက်လေ့ကျင့်ခန်းပြန်လုပ်နေ
အင်းဝအပ်ချုပ်ဆိုင်ရှင်မိသားစုထံတွင် ညှင်းပန်းနှိပ်စက်ခံခဲ့ရသည့် မသဇင်သည် စိတ်ရောဂါကုဆရာဝန်နှင့်ကုသနေပြီး မဆန်းကေခိုင်မှာ ရန်ကုန်ဆေးရုံကြီးတွင် လက်လေ့ကျင့်ခန်းများ ပြန်လုပ်နေရကြောင်း ရန်ကုန်ဆေးရုံကြီးမှ တွဲဖက်ပါမောက္ခဒေါက်တာမျိုးမင်းဦးက အောက်တို ဘာ ၂၇ ရက်တွင် News Watch သို့ ပြောသည်။
''အခုကတော့ မသဇင်က စိတ်ပိုင်းဆိုင်ရာမှာ ကုသမှုလေးတွေ လိုအပ်တဲ့အတွက် စိတ်ရောဂါအထူးကုဆရာဝန်တွေနဲ့ အနီးကပ်ပြုစုနေပါတယ်။ မဆန်းကေခိုင်ကတော့ အခုညနေပိုင်းဆိုရင် အထောက်အကူပြုစက်ကိရိယာပစ္စည်းတွေနဲ့ ခွဲစိတ်ပြီး လက်ကိုလိုအပ်တဲ့လေ့ကျင့်ခန်းတွေလုပ် ပေးနေပါတယ်။ ဘာတွေတိုးတက်မှုရှိလဲဆိုတာကတော့ အတိအကျမပြောနိုင်သေးဘူး။ အရင်ကထက် စာရင်တော့ အများကြီးတိုးတက်မှုရှိလာပါတယ်''ဟု ဒေါက်တာမျိုးမင်းဦးက ပြောသည်။
မဆန်းကေခိုင်၏ ၀ဲဘက်လက်ခွဲစိတ်မှု ပြုလုပ်ရန်အတွက် နိုဝင်ဘာလအတွင်း ဆုံးဖြတ်နိုင်ကြောင်း ပထမအကြိမ်ယာ ဘက်လက်ခွဲစိတ်မှုကို အောက်တိုဘာ ၅ ရက်တွင် ရန်ကုန်ဆေးရုံကြီး''လက်ပိုင်းဆိုင်ရာ ကုသရေးအဆောင်တွင် ခွဲစိတ်ကုသပေးခဲ့ကြောင်း၊ ခွဲစိတ်ကုသမှုကို လက်ပိုင်းဆိုင်ရာဌာနမှ ဌာနမှူးပါမောက္ခဒေါက်တာဦးခင်မောင်မြင့်နှင့်တွဲဖက်ပါမောက္ခ ဒေါက်တာမျိုးမင်းဦးတို့၏ ဦးဆောင်မှုဖြင့် ပထမဆုံးခွဲစိတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
''ဒုတိယအကြိမ်ခွဲစိတ်မှုကိုတော့ အခုလက်ရှိလှုပ်ရှားမှုတွေကို သုံးသပ်ပြီးတော့ဆောင်ရွက်သွားမယ်။ နိုဝင်ဘာလ တတိယအပတ်လောက်မှာတော့ ဘယ်လိုဆက်လုပ်မယ်ဆိုတာ သိနိုင်မယ်ထင်တယ်'' ၎င်းက ဆိုသည်။
မဆန်းကေခိုင်နှင့်မသဇင်တို့အား စက်တင်ဘာ ၂၁ ရက်မှစ၍ ရန်ကုန်ဆေးရုံကြီးလက်ပိုင်းဆိုင်ရာ ကုသရေးအဆောင် ၃/၄ တွင် ဆေးကုသပေးနေကြောင်း မဆန်းကေခိုင်သည် ၀ဲဘက်လက်ချောင်းများနှင့် တံတောင်ဆစ်ကွေးနိုင်ဆန့်နိုင် အောင်ဆက်လက်ခွဲစိတ်ကုသရန် ကျန်ရှိသည့်အပြင် နောက်ဆက်တွဲ ခွဲစိတ်မှုများ ပြုလုပ်ရန်ကျန်ရှိသေးကြောင်း သိရသည်။
မဆန်းကေခိုင်နှင့် မသဇင်တို့နှစ်ဦး၏ ဒဏ်ရာများသက်သာပျောက်ကင်းပါက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနရှိ အမျိုးသမီးအသက်မွေးအတတ်သင်ပညာ သင်ကျောင်းတွင်ထားရှိရန် စီစဉ်ထားကြောင်း၊ ထို့အပြင်ယင်းကိစ္စနှင့်ပတ်သက်၍ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် များကိုလည်း တရားဥပဒေအရ အရေးယူရန် အနောက်ပိုင်းခရိုင်တရားရုံး၌ စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
(နိုင်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
အင်းဝအပ်ချုပ်ဆိုင်မိသားစု နှိပ်စက်ညှဉ်းပန်းမှုကိုခံခဲ့ရသည့် မသဇင် စိတ်ရောဂါကု ဆရာဝန်နှင့်ကုသနေရ၊ မဆန်းကေခိုင် လက်လေ့ကျင့်ခန်းပြန်လုပ်နေ
Reviewed by THITHTOOLWIN
on
11:36
Rating:
