ပဲခူးရိုးမတခွင် ဆင်လည်းမျိုးတုန်း တောလည်းပြုန်းပြီဟု ပဲခူးတိုင်း NLD အတွင်းရေးမှူးပြောကြား


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ပဲခူးရိုးမတောအစပ် ချောင်းဖျားဒေသတွင် ယခုအခါတောဆင်များလည်း မျိုးတုံး၍ သစ်တောဝါးတောများလည်း အားလုံးပြုတ် ပြုတ်ပြုန်းပြီဟု ပဲခူးတိုင်းဒေသကြီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းအတွင်းရေးမှူးဦးကျော်ဝင်းကပြောသည်။

ရိုးမတောအတွင်း တောဆင်များ အသတ်ခံနေရခြင်းနှင့်ပတ်သက်၍ ဦးကျော်ဝင်းမှ ပြောပြရာတွင် ဒီဆင်သေကောင် ဓာတ်ပုံတွေက ကျွန်တော်တို့ကိုယ်တိုင် အဲဒီနေရာကို သွားပြီးရိုက်လာတဲ့ပုံတွေပါ။ ဘာကြောင့် တောဆင်တွေ တကောင်ပြီးတကောင် ဒီလိုသေနေတာလဲ၊ အဖြေက ရှင်းပါတယ်။ တောမုဆိုးတွေရဲ့ လက်ချက်ကြောင့်ပဲဆိုတာ မျက်မြင်တွေ့ရတယ်။
''အစွယ်ကို ဖြတ်တယ်၊ အသားကို နေပူလှန်း မီးကင်ပြီးရောင်းတယ်။ အဲဒီဒေသက ရွာတွေမှာ အခုဆို ဆင်အသားခြောက်တောင် အချိန်နဲ့ရောင်းနေပြီလို့ ဒေသခံများက ကျွန်တော်တို့ကို တိတိကျကျ သတင်းပေးပါတယ်'' ဟု ဦးကျော်ဝင်းက ပြောပါသည်။


ဆက်လက်၍ ဦးကျော်ဝင်းက တောတွင်းဆင်များကို ဆင်သတ်မုဆိုးများက အခုလိုပဲ တကောင်ပြီးတကောင် လိုက်ပြီး သတ်သည်။ ပြီးလျှင် အသားရောင်း အစွယ်ဖြတ်လုပ်နေတာကို သက်ဆိုင်ရာ လယ်ယာနှင့် သစ်တောဝန်ကြီးကို တိုင်းဒေသကြီးအစိုးရရုံးမှာ ကိုယ်တိုင်သွားတင်ပြကြောင်း၊ သစ်တော ဦးစီးဌာနကိုလည်း ဓာတ်ပုံမှတ်တမ်းများနှင့်တင်ပြကြောင်း၊ သို့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောဝန်ကြီးကိုယ်တိုင်က ယင်းကိစ္စကို လေးလေးနက်နက် မစဉ်းစားကြောင်း ပြောသည်။

ယခုအခါ ပဲခူးရိုးမတကြောတွင် ကျွန်းသစ်မှစပြီး သစ်ရိုင်းတော ၀ါးပင်ဝါးတောအားလုံး ပြုတ်ပြုတ်ပြုန်းနေပြီဖြစ် သည်။ ထို့ပြင် တောဆင်များ၏ အစာဖြစ်သည့် တောငှက်ပျောပင်များပါ မကျန်တော့ သဖြင့် ဆင်များသည် တောင်ယာခင်းများ လယ်ကွင်းများရှိရာ ဆင်းလာကြကာ တွေ့သည့် ယာခင်း၊ စပါးခင်းများကို စား သောက်ပစ်ကြသည့်အပြင် လူကိုလည်း ရန်မူကြသည်။
''အခုဖြစ်နေတာက ရွာထဲမြို့ထဲဝင်လာတဲ့ ဆင်များကို သက်ဆိုင်ရာသစ်တောဦးစီးဌာနက တောထဲ ပြန်မောင်းထုတ် လိုက်ပြီ၊ သူ့နေရာသူပြန်သွားပြီလို့ ပြောနေပေမယ့် တကယ်တမ်းကျတော့ ရိုးမတော ထဲမဟုတ်ဘဲ ဆင်သတ်ကွင်းဖြစ်သည့် တောမုဆိုးများဆီ မောင်းထုတ်လိုက်သလို ဖြစ်လို့ ဆင်များအခုလို သေရတာပါ'' ဟု တိုင်း NLDအတွင်းရေးမှူးက ရှင်းပြပါ သည်။

ရိုးမချောင်းဖျားဒေသနေ ၀င်းကရင် ရွာသား ဦးကျော်ရှိန်ကလည်း ''ဆင်တွေ အခုလို အသတ်ခံနေရတာ နွေထဲကပဲ၊ ကျွန်တော်က ဒီနေရာ၊ ဒီဒေသ၊ ဒီတောမှာ ကြီးပြင်းလာတဲ့သူဆိုတော့ ဆင်ကို ဘယ်နေရာမှာ သတ်တယ်ဆိုတာကအစ အသေးစိတ်သိတယ်၊ တခါသစ်တောက ဆင်းလာတယ်၊ ဆင်သေတာဟုတ်ရဲ့လား လို့ မေးလို့ လက်တွေ့ပဲ ဆင်အသားခြောက်ကို ၀ယ်ပေးလိုက်တယ်။ ရွာထဲမှာ တောင်းနှင့်ရွက်ပြီးတောင် ရောင်းနေပြီ ဆင်သေကောင်ကြီးတွေ့ပြီး ဆင်မှဟုတ်ရဲ့လားလို့ မေးတာတော့ အံ့သြရပါတယ်'' ဟု ဦးကျော်ရှိန်မှ ဆိုပါသည်။

ပြီးခဲ့သော နွေရာသီကပင် ပဲခူးရိုးမ ချောင်းဖျားဒေသ ၀င်းကရင် ၀ါးပြန်ကုန်း အောက်ကမ္ဘာကျေးရွာများတွင် တောဆင်များသည် စိုက်ပျိုးပြီးယာခင်းများကို ဖျက်ဆီးစားသောက်ပစ်ကြသလို ယခုမိုးရာသီမှာလည်း စိုက်ပျိုးပြီး စပါးခင်းများကို ဖျက်ဆီးစားသောက်ပစ်ကြကြောင်း တောင်သူများက ဆင်အန္တရာယ်မှ အချိန်မီ ကာကွယ်ပေးရန် တိုင်းလယ်ယာနှင့် သစ်တောဝန်ကြီးအား အကြိမ်ကြိမ်တင်ပြသော်လည်း ထိရောက်စွာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း သိရသည်။

မိုးမြင့်လွင်
News Watch(စောင့်ကြည့်သတင်းဂျာ
https://www.facebook.com/NewsWatchJournal
ပဲခူးရိုးမတခွင် ဆင်လည်းမျိုးတုန်း တောလည်းပြုန်းပြီဟု ပဲခူးတိုင်း NLD အတွင်းရေးမှူးပြောကြား  ပဲခူးရိုးမတခွင် ဆင်လည်းမျိုးတုန်း တောလည်းပြုန်းပြီဟု ပဲခူးတိုင်း NLD အတွင်းရေးမှူးပြောကြား Reviewed by THITHTOOLWIN on 16:50 Rating: 5
Powered by Blogger.