MNDAA လက်နက်ကိုင်အဖွဲ့မှ လောက်ကိုင်မြို့တွင်းသို့ ဒုံးပစ်လောင်ချာဖြင့် ပစ်ခတ်


နေပြည်တော် ၊ စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၏ မြောက်ဘက်အစွန်၌ စက်တင်ဘာ ၁၅ ရက် ည ၉ နာရီ ၅ မိနစ်ခန့်တွင် ပေါက်ကွဲသံတစ်ခုကြားသိရသဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းက သွားရောက်စစ်ဆေးခဲ့သည်။


အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာမှာ ယခင်ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးပယ်စောက်ချိန်၏ နေအိမ်ဖြစ်ပြီး နေအိမ်အရှေ့မြောက်ဘက် အမိုးထိပ်စွန်းပျက်စီးနေပြီး ၎င်းအပျက်အစီး နေရာတစ်ဝိုက်မှ ဒုံးသီး သံထည်အပိုင်းအစ ၅ ခု အားသိမ်းဆည်းရမိသည်။

၎င်းဖြစ်စဉ်နေရာပတ်ဝန်းကျင်အား နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၆ ရက် နံနက် ၇ နာရီခန့်တွင် ဒုံးသီးသံထည် အပိုင်းအစ ၈ ခုအားထပ်မံသိမ်းဆည်းရမိသည်။

 မိမိတပ်များ နယ်မြေရှင်းလင်းရာတွင် ဒုံးသီးထိမှန် ၀င်ရောက်သည့်လမ်းကြောင်းနှင့် ၀န်းကျင်ရှိသစ်ပင်များ၏ မြင့်မားမှုအနေအထားအရ ပစ်ခတ်သည့်နေရာမှာ လောက်ကိုင်မြို့၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာ ကုန်းစောင်းနေရာတစ်ဝိုက်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တွေ့ရှိရသော ဒုံးသီးအပိုင်းအစများအား စိစစ်ချက်အရ MNDAA သောင်းကျန်းသူများအသုံးပြုသည့် တစ်ဖက်နိုင်ငံလုပ် ၁၀၇ မမ ဒုံးပစ်လောင်ချာ ဒုံးသီး အစိတ်အပိုင်းများဖြစ်ပြီး အဆိုပါဒုံးသီးသည် အကွာအဝေး ၅ မိုင်ခန့်အထိ ပစ်ခတ်နိုင်ကြောင်း သိရှိရသည်။


ဆက်လက်ပြီး တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲ ခန့်တွင် လောက်ကိုင်မြို့၏ အနောက်မြောက်ဘက် ၂ မိုင်ခွဲခန့်အကွာ တောင်ကြောတစ်ဝိုက်၌ မသင်္ကာဖွယ်ရာ ဆာလာအိတ်များ တွေ့ရှိရကြောင်း သတင်းအရ သွားရောက်ရှင်းလင်းခဲ့ရာ အဆိုပါနေရာ အနီးတစ်ဝိုက်တွင် တစ်ဖက်နိုင်ငံလုပ် ညကြည့်မှန်ပြောင်း ၁ ခုနှင့် ၁၀၇ မမဒုံးသီး ပြောင်းပါ ၁၈ လုံး၊ ပြောင်းမပါ ၄ လုံး၊ စုစုပေါင်း ၂၂ လုံး၊ (၃လုံးတွဲ ၆ ခု၊ ၄ လုံးတွဲ ၁ ခု)တို့ကို လျှပ်စစ်ဝါယာကြိုးများဖြင့် သွယ်တန်းထားကာ ဒစ်ဂျစ်တယ်အချိန်ထိန်းကိရိယာဖြင့် တပ်ဆင်ထားပြီး လောက်ကိုင်မြို့၏ အဓိကနေရာများအား တစ်ပြိုင်တည်း ပစ်ခတ်ရန် ချိန်ရွယ်ထားကြောင်းတွေ့ရှိရသည်။


လျှပ်စစ်သွယ်တန်းမှုစနစ်အား အသေးစိတ်စစ်ဆေးရာ အချိန်ထိန်းကိရိယာ အတွက် NANFU တံဆိပ်ပါ ၉ ဗို့ဓာတ်ခဲ ၂ လုံး၊ ဒုံးသီးလျှပ်စစ်စနစ်အတွက် PAKKO တံဆိပ်ပါ ၉ ဗို့ဓာတ်ခဲ ၂လုံးနှင့် ဆားကစ် ၁ ခုတို့ဖြင့် အချိန်ကိုက် စုစည်းတပ်ဆင်ထားခြင်းဖြစ်ပြီး အန္တရာယ်လွန်စွာကြီးမားသည့် အခြေအနေတွင် နယ်မြေခံတပ်မတော်သားများက အသက်ကို ပဓာနမထားဘဲ ကြိုးစားဖော်ထုတ်ရှင်းလင်းမှုကြောင့် လောက်ကိုင်မြို့သူ၊ မြို့သားများနှင့် မြို့ပြအဆောက်အဦများ ထိခိုက်ပျက်စီးမှုအန္တရာယ်မှ အချိန်မီရှင်းလင်း ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ပတ်ဝန်းကျင်တစ်ဝိုက်အား နယ်မြေခံတပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
MNDAA လက်နက်ကိုင်အဖွဲ့မှ လောက်ကိုင်မြို့တွင်းသို့ ဒုံးပစ်လောင်ချာဖြင့် ပစ်ခတ်  MNDAA လက်နက်ကိုင်အဖွဲ့မှ လောက်ကိုင်မြို့တွင်းသို့ ဒုံးပစ်လောင်ချာဖြင့် ပစ်ခတ် Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.