စက်တင်ဘာ - ၂၇ - ၂၀၁၆
ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင်တရားရုံးက ဘီးလင်းမြို့နယ် အတွင်း ဘုန်းတော်ကြီး အရှင်စန္ဒိမာ (၅၁ နှစ်) နှင့် ကပ္ပိယဖြစ်သူ ဦးကြာဝင်း (၇၉ နှစ်) တို့ကို ခေါင်းဖြတ်သတ်ခဲ့သည့် စောအော်သေ့ (၂၆ နှစ်) ကို အမှု စစ်ဆေးပြီးနောက် သေဒဏ်ချမှတ်ထားသည်။
သေဒဏ်အပြစ်ပေးမှုအား KNU ဗဟိုမှအတည်ပြုပေးပါရန် တင်ပြထားပြီး ဗဟို၏ ကြားနာမှုအား စောင့်ဆိုင်းလျက်ရှိသည်။
အဆိုပါအမှုမှာ ၉-၇-၂၀၁၆ နေ့က ဘီးလင်းမြို့နယ် မဲနံ့သာကျေးနယ် ဘဲလဲနိုကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူသတ်မှု ကျူးလွန်သည့် စောအော်သေ့သည် ပြစ်မှုကျူးလွန်စဉ်က မူးယစ်ဆေးဝါး အလွန်အကျူးသုံးစွဲထားသည်ဟု သထုံခရိုင် တာဝန်ရှိသူတဦး၏ အဆိုအရ သိရှိရသည်။
KNU သထုံခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး စောဆဘောနော်က "ကျနော်တို့ ခရိုင် တရားရုံးကတော့ အမှုကို ကြားနာပြီးသွားပြီ။ သေဒဏ်အမိန့် ချမှတ်ထားပေမဲ့ ဗဟိုရဲ့ အတည်ပြုမှုကို ရယူဖို့ စောင့်ဆိုင်းနေတယ်" ဟု ပြောသည်။
ဒေသခံတဦး၏အဆိုအရ သထုံခရိုင်အတွင်း မူးယစ်ဆေးဝါး (မြင်းဆေး-အမ်ဖက်တာမင်း) ရောင်းချမှုများမှာ နေရာအနှံ့အပြားတွင်ရှိနေပြီး ထိန်းမနိုင် သိမ်းမရအခြေအနေများကြောင့် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ မကြာခဏ ဆိုးဝါးစွာဖြစ်ပေါ်လျက်ရှိသည်ဟု ပြောဆိုသည်။
ယခုလအတွင်း ဘီးလင်းမြို့နယ် ကတီပုကျေးရွာတွင်လည်း အသက် ၁၆ နှစ်အရွယ် လူငယ်တဦးက အသက် ၁၅ နှစ်အရွယ် မိန်းကလေးတဦးကို သမီးရည်းစားစကား ပြောဆိုရာမှ နှစ်ဖက်ကိုယ်ထိလက်ရောက်ရိုက်ပုတ်မှု ဖြစ်ပွားပြီး မိန်းကလေးငယ် သေဆုံးခဲ့သည့် အမှုအခင်းတခုဖြစ်ပွားခဲ့သေးသည်။
ပုံစာ - သထုံခရိုင်ရဲမှူး စောဆဘောနော်
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ
ဘုန်းတော်ကြီးတပါးနှင့် ကပ္ပိယတဦးကို ခေါင်းဖြတ်သတ်သူအား KNU တရားရုံးက သေဒဏ်ချမှတ်
Reviewed by THITHTOOLWIN
on
21:44
Rating:
