KNU နှင့် NMSP တို့ ပစ်ခတ်မှုထပ်မံ မဖြစ်ပွားရေး သဘောတူညီမှုရရှိ


စက်တင်ဘာ ၁၁ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် မွန်ပြည်သစ်ပါတီ(NMSP) တပ်ဖွဲ့ ဝင်တို့အကြား ထိတွေပစ်ခတ်မှု ထပ်မံမဖြစ်ပွားရေး အတွက် စက်တင်ဘာ ၁၁ ရက်နေ့ တွင်နှစ်ဖက် တာဝန် ရှိသူများတွေ့ဆုံညှိနှိုင်းကာ သဘောတူညီမှု ရရှိခဲ့သည်ဟု နှစ်ဖက်တာဝန်ရှိသူ အသီးသီးက ကေအိုင်စီသို့  ပြောသည်။

KNUနှင့် NMSPတို့ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့ တွင် ရေဖြူမြို့နယ်အတွင်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပွား ခဲ့သည့်အပေါ် စက်တင်ဘာ ၁၁ ရက်(ယနေ့ )နံနက် ၁၀နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့ နယ်၊ ရာဖူးကျေးရွာအုပ်စု၊ ရာဖူးကျေးရွာ၌ KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်၊ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဆာပိတု ဦးဆောင်သည့်အဖွဲ့နှင့် NMSP ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဧကဦးဆောင်သည့် အဖွဲ့တို့တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး အခုလို သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်ဟု ပဒိုစောဆာမိတုက ယခုလိုပြော သည်။

“ တွေ့ဆုံမှုမှာ အဓိကကတော့ နှစ်ဖက် ဒီလိုပစ်ခတ်မှုတွေ ထပ်ပြီးမဖြစ်ပွားဖို့အတွက် သဘောတူညီမှု ရခဲ့ ပါတယ်။ လောလောဆယ်အနေနဲ့ကတော့ ပြဿာနာတွေ ထပ်ပြီး မကြီးထွားလာအောင်တော့ ထိန်းချုပ် ထားနိုင်တဲ့ အဆင့်ပဲ ရှိပါသေးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။


ထိုသို့ တစ်နာရီကျော်ကြာတွေ့ဆုံဆွေးနွေးရာတွင် ပစ်ခတ်မှုထပ်မံမဖြစ်ပွားစေရေးအတွက် တစ်ဖက်လျှင် ၃ ဦးပါဝင်သည့် ဆက်သွယ်ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သလို နှစ်ဖက်တပ်များသွားလာရာတွင် အသိပေး အကြောင်း ကြားရန်နှင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿာနာများကို ယင်းအဖွဲ့မှ ဖြေရှင်းဆောင်ရွက်သွားရမည့် သဘောတူညီချက်များလည်း ပါဝင်ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ပြောသည်။

မွန်ပြည်သစ်ပါတီ(NMSP)ပြည်တွင်းရေးရာဌာန တာဝန်ခံနိုင်ဝင်းလှက “ ကျနော်တို့တွေမတော်တဆ ဖြစ်ခဲ့ မှုတွေ၊ နောက်ပြီး ပြဿာနာတွေ ထပ်ပြီးမကြီးအောင် ဆက်သွယ်ညှိနိုင်းတဲ့ အဖွဲ့လေးဖွဲ့နိုင်ခဲ့တော့ ဒါဟာ ကောင်းတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ယနေ့ ပြောသည်။

ထို့ အပြင် နယ်မြေပြဿာနာ နှစ်ဖက်အငြင်းပွားမှုများရှိနေသည့် အပေါ် ယနေ့ တွေ့ဆုံပွဲတွင် ဆွေးနွေးနိုင် ခြင်း မရှိသလို အဆိုပါကိစ္စရပ်များကို သက်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းများထံ ပြန်လည်တင်ပြပြီး ဆက်လက် ညှိုနှိုင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် မွန်ပြည်သစ်ပါတီ(NMSP) တပ်ဖွဲ့ဝင် တို့ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲအချိန် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲရှိ သဲချောင်းဖျားကျေးရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

စဖန်းရှောင်း (ကေအိုင်စီ)
http://kicnews.org/
KNU နှင့် NMSP တို့ ပစ်ခတ်မှုထပ်မံ မဖြစ်ပွားရေး သဘောတူညီမှုရရှိ  KNU နှင့် NMSP တို့ ပစ်ခတ်မှုထပ်မံ မဖြစ်ပွားရေး သဘောတူညီမှုရရှိ Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.