ကလိုထူးဘောကရင်အစည်းအရုံး (KKO) ခွဲထွက်အဖွဲ့၏ မိုင်းထောင်ဖောက် ခွဲရန် စီစဉ်မှုများကို တပ်မတော်ကရှင်းလင်း


နေပြည်တော် စက်တင်ဘာ ၂၂

ကရင်ပြည်နယ်၊ မြိုင်ကြီးငူ-မဲသဝေါနယ်မြေတွင် အခြေပြုလှုပ်ရှားလျက်ရှိသော ကလိုထူးဘောကရင် အစည်းအရုံး(KKO) ခွဲထွက်အဖွဲ့သည် တပ်မတော် စစ်ကြောင်း များနှင့် တပ်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းများ ဆောင်ရွက်ခဲ့မှုကြောင့် တပ်မတော် က နယ်မြေရှင်းလင်း ခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါနယ်မြေရှင်းလင်းမှုများကို စက်တင်ဘာ ၁၁ ရက်မှ စတင် ဆောင်ရွက် ခဲ့ရာ စက်တင်ဘာ ၁၉ ရက်တွင် မြိုင်ကြီးငူ-မဲသဝေါ ကားလမ်းတစ်လျှောက်ရှိ (KKO) ခွဲထွက်အဖွဲ့ အခြေပြုလှုပ်ရှားသည့် စခန်းအားလုံးကို ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်အထိ ထိတွေ့တိုက်ပွဲ ပေါင်း ၁၉ ကြိမ် ဖြစ်ပွား ခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည် အချို့ ကျဆုံး၊ ဒဏ်ရာရရှိ သကဲ့သို့ (KKO) ခွဲထွက်အဖွဲ့မှ တပ်ရင်းမှူးအဆင့်ရှိသူ တစ်ဦးအပါအဝင် ၄ ဦး သေဆုံးကာ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက် ၇ လက်၊ မော်တော်ယာဉ် ၂ စီး၊ ထော်လာဂျီ ၁ စီး၊ ဆိုင်ကယ် ၄ စီးနှင့် ကျည်မျိုးစုံ ၁၁၇၉ တောင့် သိမ်းဆည်း ရမိခဲ့သည်။


(KKO) ခွဲထွက်အဖွဲ့သည် ထိုသို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် တပ်မတော် စစ်ကြောင်းများအား အာရုံလွှဲရန် မြ၀တီ၊ ကော့ကရိတ်မြို့ပေါ်ရှိ စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများနှင့် မြိုင်ကြီးငူ-မဲသဝေါကားလမ်းတစ်လျှောက် တိုက်ပွဲ ရှောင် အပြစ်မဲ့ဒေသခံတိုင်းရင်းသားများ နေရပ်ပြန်စဉ် မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ရန် ဆောင်ရွက်ခဲ့ရာ မြ၀တီမြို့တွင် စက်တင်ဘာ ၁၄ ရက် နှင့် ၂၀ရက်က လက်လုပ်မိုင်း၂ လုံးအား အချိန်မီ ရှင်းလင်းနိုင်ခဲ့ပြီး ဝါးဘိုးတောင်-ကျုံထော်နယ်မြေ အတွင်းမှ အသက်သွင်းရန် အသင့်ဖြစ်သည့် မိုင်းမျိုးစုံ ၂၃၈ လုံး၊ မဲသဝေါပြန့် နယ်မြေ အတွင်းမှ မိုင်းမျိုးစုံ ၃၇၁ လုံး၊ စုစုပေါင်း မိုင်းမျိုးစုံ ၆၀၉ လုံးတို့ကို ဖော်ထုတ်ရှင်းလင်း သိမ်းဆည်းရမိခဲ့သည်။

ယခုအခါ မြိုင်ကြီးငူ-မဲသဝေါကားလမ်းတစ်လျှောက် နယ်မြေတည်ငြိမ်အေးချမ်း ခဲ့ပြီးဖြစ်သောကြောင့် မြိုင်ကြီးငူသို့ တိမ်းရှောင်လာခဲ့သော ဒေသခံပြည်သူများကို တပ်မတော်မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်နေရာ ချထားပေးခြင်း၊ စားနပ်ရိက္ခာ ထောက်ပံ့ကူညီပေးခြင်းနှင့် လမ်းကြောင်းတစ်လျှောက် မိုင်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများကို တပ်မတော်က ကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကလိုထူးဘောကရင်အစည်းအရုံး (KKO) ခွဲထွက်အဖွဲ့၏ မိုင်းထောင်ဖောက် ခွဲရန် စီစဉ်မှုများကို တပ်မတော်ကရှင်းလင်း  ကလိုထူးဘောကရင်အစည်းအရုံး (KKO) ခွဲထွက်အဖွဲ့၏ မိုင်းထောင်ဖောက် ခွဲရန် စီစဉ်မှုများကို တပ်မတော်ကရှင်းလင်း Reviewed by THITHTOOLWIN on 06:06 Rating: 5
Powered by Blogger.